ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်း မွေးမြူရေးဇုံ အကောင်အထည် ဖော်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၁၂
          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း စားရေရိက္ခာဖူလုံစေရေး စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၁၁ ရက် နံနက် ၆ နာရီက မိုးကောင်းမြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ် ကြသည့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့ ကျွန်းတော ရပ်ကွက်အတွင်း “အိလေး” စားသောက်ကုန်လုပ်ငန်း၌ အသင့်စား စားသောက်ကုန်လုပ်ငန်းအပြင် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အသားတိုးဝက်များ တိုးချဲ့မွေးမြူထားရှိမှု အခြေအနေများနှင့် ငါးကန် တူးဖော်၍ ငါးသားပေါက်များ မွေးမြူဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ လုပ်ငန်းထပ်မံတိုးချဲ့နိုင်ရေး လုပ်ထုံးလုပ်နှင့်အညီ ချေးငွေများ ပံ့ပိုးပေးနိုင်ရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေး အထောက်အကူပြုဆေးဝါး ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
          ထို့နောက် မိုးကောင်းမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာအုပ်စု၊ လေသာကုန်းကျေးရွာအတွင်း ပိုင်ရှင် ဒေါ်လှလှနွယ်၏ “တိုးပွားအောင်” မွေးမြူရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းပိုင် အသားတိုး ဝက်ခြံ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ်သိန်း ၅၀၀ မတည်ပေးမှုဖြင့် လုပ်ငန်းတိုးချဲ့ဆောင်ရွက်နိုင် ခဲ့သည့်အပြင် အသားတိုးဝက်များ တိုးမြှင့်မွေးမြူလျက်ရှိသော DY အမျိုးအစား အသားတိုးဝက်ကောင်ရေ ၂၅၀ မွေးမြူထားရှိမှု၊ ဝက်ပေါက်များ မွေးမြူရောင်းချမှုတို့ကို လည်းကောင်း၊ အဆိုပါ ကျေးရွာအတွင်း ပိုင်ရှင် ဦးစိုးထက်ဦး၏ နို့စားနွားခြံ၌ ယခင် နို့စားနွားကောင်ရေ ၂၂ ကောင် မွေးမြူထားရာမှ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေ မတည်ပေးမှုဖြင့် တိုးချဲ့မွေးမြူနိုင်ခဲ့သည့်အပြင် အသေးစား ဆီကြိတ်စက်တည် ထောင်လည်ပတ်နေမှု အခြေအနေများကို လည်းကောင်း ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး လိုအပ်သည့် နည်းပညာနှင့် နည်းစနစ်ကျမွေးမြူနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။
          ထိုမှတစ်ဆင့် နမ္မကျေးရွာ ကွင်းအမှတ် (၁၄၆)အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိ‌ရေးအတွက် မျိုးစေ့ချကိရိယာ၊ ဓာတ်မြေသြဇာနှင့် မျိုးစေ့များ ချီးမြှင့်ထောက်ပံ့ပွဲသို့ တက်ရောက်ပြီး ကွင်းအတွင်းရှိ မိုးစပါးစိုက်တောင်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေပြီး တောင်သူများ ဝင်ငွေ တိုးပွားရေးအတွက် မိုးစပါးအထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရန် လိုအပ်မည်ဖြစ် ပါကြောင်း၊ ဒါ့အပြင် စိုက်ပျိုးရေးလုပ်ငန်းတွင် သဘာဝဘေးအန္တရာယ်စိန်ခေါ်မှုများ ရှိနေသည့််အတွက် ပိုပြီးဂရုတစိုက်ဖြင့် လုပ် ကိုင်ဆောင်ရွက်ကြရေး၊ နည်းစနစ်ကျ စိုက်ပျိုးနိုင်ရေး၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်သွားကြရေးနှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက်များကို တတ်စွမ်းသမျှ ပံ့ပိုး ကူညီပေးသွားမည်ဖြစ်သည့်အပြင် တောင်သူဦးကြီးများအနေဖြင့်လည်း သက်ဆိုင်ရာဌာနများနှင့် လက်တွဲ ညီညီဆောင်ရွက်ခြင်းအားဖြင့် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိအောင် ပိုမိုကြိုးစားရေး တိုက်တွန်းမှာ ကြားသည်။
          ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုးက တောင်သူများ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် အလေးထားလိုက်နာဆောင်ရွက်ရမည့် နည်းစနစ်တကျ စိုက်ပျိုးရေး နည်းလမ်းများနှင့် မျိုး၊ မြေ၊ ရေး၊ နည်း တို့ကို တွဲဖက်ညီညီဆောင်ရွက်ရမည့် နည်းလမ်းများကို ရှင်းလင်း ပြောကြားပြီး တက်ရောက်လာကြသည့် တောင်သူများက ကုန်ထုတ်လမ်းရရှိရေးနှင့် စိုက်ပျိုးရေးအတွက် လိုအပ်ချက်များ၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လို အပ်သည်ချက်များအပေါ် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက် ပေးခဲ့သည်။
          ထို့နောက် တောင်သူများအတွက် မျိုးစေ့ချကိရိယာများ၊ ယူရီးယားဓာတ်မြေသြဇာအိတ်များ၊ ဆောင်းသီးထပ် လယ်သီးနှံစိုက်ပျိုးနိုင်ရေး ပဲပုပ်မျိုးစေ့များ၊ ရွက်ဖျန်းမြေသြဇာအိတ်များနှင့် မျိုးစေ့များကို ချီးမြှင့်ပေးအပ်ခဲ့ကြပြီး စိုက်ပျိုးရေးဦးစီးဌာနက စပါးခွံမီးသွေးဇီဝမြေသြဇာ(Biochar) ပြုလုပ်အသုံးပြုနိုင် ရေး တောင်သူအသိပညာပေး လက်တွေ့စမ်းသပ်သရုပ်ပြသမှုနှင့် ကွင်းအတွင်းရှိ တောင်သူ ဦးသိန်းဝယ်၏ မိုးစပါးစိုက်လယ်၌ သဘာဝမြေသြဇာနှင့် ယူရီးယားမြေသြဇာ (သုံး အချိုး တစ်) ရောစပ်ကြဲပက်ခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြပွဲသို့ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။
          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု အတွင်း ငွေပျော်စံပြကျေးရွာအနီးရှိ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဧရိယာအတွင်း ဒေသတွင်း အသား/ငါး စားသုံးမှုဖူလုံစေရေးအတွက် လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေါင်းစပ်၍ အသားတိုးကြက်၊ ဝက်နှင့် နွား မွေးမြူရေးလုပ်ငန်းများ နေရာလျာထားသတ်မှတ်၍ မွေးမြူရေးဇုံ တစ်ခုအဖြစ် ပီပြင်စွာ ဆောင်ရွက်နိုင် ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် အဆိုပါ ဧရိယာအတွင်းရှိ ပိုင်ရှင်ဦးသိန်းဝင်း၏ အသားတိုးကြက်ခြံသို့ သွားရောက်ပြီး အသားတိုးကြက်ကောင်ရေ (၁၀၀၀၀) ကျော် မွေးမြူထားရှိမှုအခြေအနေများကို လည်းကောင်း၊ ပလန-၄ (သဇင်မြိုင်ကျေးရွာ) အတွင်း ငါးမွေးမြူရေးကန်ဧရိယာအတွင်း ငါးကန်များ ပြန်လည်ရှင်းလင်းတူးဖော်၍ ငါးသားပေါက်များ စိုက်ထည့်မွေးမြူထားရှိမှုနှင့် ငါးသားဖောက်သွားမည့် အစီအစဉ်တို့ကို ကြည့်ရှုစစ်ဆေး ခဲ့ကြကြောင်း သိရသည်။