မြစ်ကြီးနား ဇူလိုင် ၁၀
ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သော ကျောင်းသား/ ကျောင်းသူများအား လမ်းညွှန်သြဝါဒပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ အဓိကအသက် သွေးကြောဖြစ်သည့် ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကဦးစားပေးလုပ်ငန်းစဉ်ပင်ဖြစ်ပါကြောင်း၊ လူငယ်မောင်မယ်များကို ခေတ်မီအတတ်ပညာများသင်ယူစေပြီး ပြည်နယ်ကို ပြန်လည်ဦးဆောင်နိုင်မည့် ပညာတတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရေး၊ ပညာရည် ထူးချွန်ရုံမကဘဲ ဗလငါးတန်နှင့် ပြည့်စုံသည့် နိုင်ငံသားကောင်း၊ သမီးကောင်းများဖြစ်လာကြစေရေး၊ အနာဂတ်တွင် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် မိမိတို့ပြည်နယ်၊ မိမိတို့နိုင်ငံဘက်စုံဖွံ့ဖြိုးတိုးတက် အောင် အားလုံးက ဝိုင်းဝန်းကြိုးစားကြရန်လိုအပ်ပါကြောင်း သြဝါဒစကားပြောကြားသည်။
ဆက်လက်၍ ခေတ္တပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က ကျေးဇူးတင်စကားပြောကြားပြီး မြစ်ကြီး နားတက္ကသိုလ်မှ သက်ပြည့်အငြိမ်းစားယူကြမည့် သင်္ချာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝင်းစိန်၊ သမိုင်းဌာနမှ ပါမောက္ခဌာနမှူးဒေါက်တာဆွေဆွေဦးနှင့် ဘဏ္ဍာရေးဌာနမှူး ဒေါ်မြင့်မြင့်ခိုင်တို့ကို ဂုဏ်ပြုလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆရာကြီး/ ဆရာမကြီးများက အမှတ်တရစကားများကို ပြန်လည်ပြောကြားပေးခဲ့ကြောင်း သိရသည်။
