ကချင်ပြည်နယ်ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင် တိုင်းလေရိုးရာအိုးစည်အက (ကာ့ဟန်ဂေါင်) သင်တန်းဖွင့်ပွဲသို့ တက်‌ရောက်

မြစ်ကြီးနား     ဇူလိုင် ၁၁
          ကချင်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာနနှင့် တိုင်းလေစာပေနှင့် ယဥ်ကျေးမှုကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းလေရိုးရာအိုးစည်အက (ကာ့ဟန် ဂေါင်) သင်တန်းဖွင့်ပွဲကို မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံး၌      ဇူလိုင် ၁၁ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
          ရှေးဦးစွာ သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး က တိုင်းလေလူမျိုးများ၏ အိုးစည်အက(ခေါ်) ကာ့ဟန်ဂေါင် ဆိုသည်မှာ ရှမ်းယဥ်ကျေးမှု နယ်ပယ်၌ ထင်ရှားပြီး တန်ဖိုးရှိသော အကအလှ တစ်ခုဖြစ်ပါကြောင်း၊ ဘာသာ‌ရေးပွဲ‌တော်များ ၊ ဂုဏ်ပြုကြိုဆိုပွဲများ နှင့် အောင်ပွဲခံ‌သော အခမ်းအနားများတွင် အိုးစည်အက မပါမဖြစ် ပါဝင်နေခြင်းသည် တိုင်းလေလူမျိုးများ ၏ စိတ်ဓာတ်ခွန်အား၊ ရဲရင့်ခြင်းနှင့် နွေးထွေးသည့် ဧည့်ဝတ်ကျေပွန်ခြင်းကို ပြသခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သင်တန်းသား/ သင်တန်းသူများအနေဖြင့် အိုးစည်အကကို သင်ယူရာ၌ အကပညာကို သာ မကဘဲ အကယဥ်ကျေးမှု၏ အနှစ်သာရကိုပါ နားလည်သဘောပေါက်အောင် မြတ်မြတ်နိုးနိုးဖြင့် သင်ယူ ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
          ဆက်လက်ပြီး တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန ပြည်နယ်တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းက တိုင်းလေရိုးရာအိုးစည်အက (ကာ့ဟန်ဂေါင်)  သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော သင်တန်းနည်းပြအဖွဲ့များက တိုင်းလေရိုးရာအိုးစည်အကဖြင့်လည်းကောင်း၊ မယ်ခိန်တိုင်းလေအကအဖွဲ့များကလည်း တိုင်းလေရိုးရာ အကများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တိုင်းလေစာပေနှင့် ယဥ်ကျေးမှုကော်မတီ၊ ရှမ်းစာပေနှင့် ယဥ်ကျေးမှုကော်မတီတို့မှ တာဝန်ရှိသူတို့က တိုင်းလေရိုးရာအိုးစည်အက (ကာ့ဟန်ဂေါင်)  သင်တန်း အတွက် ထောက်ပံ့ငွေများကို အသီးသီးထောက်ပံ့ပေးအပ်ရာ တိုင်းရင်းသားစာပေနှင့်ယဥ်ကျေးမှုဦးစီးဌာန ပြည်နယ်တာဝန်ခံက လက်ခံရယူခဲ့ပြီး တက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်းသိရသည်။