မြစ်ကြီးနား ဇူလိုင် ၂၄
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများနည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့်မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၂၄ ရက်က မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်နှင့် ပလန-၁ ပိတောက်မြိုင်ကျေးရွာတို့တွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ နံနက် ၉ နာရီခွဲတွင် အောင်နန်းရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် အောင်ချမ်းသာဓမ္ဓာရုံ၌ တွေ့ဆုံခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သော နည်းပညာဆိုင်ရာ အချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ် မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များနှင့် စိုးရိမ်ပူပန်မှုများအပေါ် ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့ကြရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်းကဏ္ဍအလိုက် နည်းပညာဆိုင်ရာ/ ငလျင်နှင့် တမံကြီးများ၏ ကြံ့ခိုင်မှု/ ဒေသခံများ အလုပ်အကိုင် အခွင့် အလမ်းရရှိမှု၊ မြစ်ဆုံဆည်ပြီးစီးပါက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခြေအနေများကို အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။
အလားတူ မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးနှင့် ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ ဝင်များ ဦးဆောင်သည့်အဖွဲ့က မြစ်ကြီးနားမြို့ ပလနကျေးရွာရှိ ရွှေပိတောက်ခန်းမ၌ ဧရာဝတီမြစ်ဆုံ – မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံရပ်ကွက်နေပြည်သူများနှင့် ရင်းနှီး ပွင့်လင်းစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


