မြစ်ကြီးနား ဇူလိုင် ၂၄
ကချင်ပြည်နယ်တရားလွှတ်တော်ရုံး၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ (၃၁) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လုပ်ငန်းလမ်းညွှန်မှာကြားချက်များအား ပြည်နယ်အတွင်းရှိ ခရိုင်/မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများအား ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲကို ပြည်နယ်တရားလွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ထပ်ဆင့်ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်က ပြည်ထောင်စုတရားသူကြီးချုပ်နှင့်ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများ၊ ခရိုင်တရား သူကြီးများ၏ (၃၁) ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းမှာကြားပြီး လမ်းညွှန်ချက်များအတိုင်းလိုက်နာလျက် နိုင်ငံတော်၏ မူဝါဒ၊ ဦးတည်ချက်များနှင့် ဌာနက ချမှတ်ပေးထားသည့် မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များကို လိုက်နာ ဆောင်ရွက်ကြရန်မှာကြားသည်။
ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးများဖြစ်ကြသည့် ဦးအောင်မြင့်၊ ဒေါ်ပြုံး ပြုံးကြည်၊ ဒေါ်ခင်ပြုံးရီတို့က တရား စီရင်ရေးဆိုင်ရာကိစ္စရပ်များကို ဖြည့်စွက်ဆွေးနွေးမှာကြားပြီး ပြည်နယ်တရားရေးဦးစီးမှူး ဦးဝင်းနိုင်က တရားရုံးစီမံခန့်ခွဲရေးကိစ္စရပ်များကို အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြရာ တက်ရောက်လာကြသည့် ပြည်နယ်/ခရိုင်/မြို့နယ်တရားရုံးများမှ တရားရေးအရာရှိများ၊ တရားသူကြီးများက သက်ဆိုင်ရာရုံးအလိုက် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချူပ်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ထပ်ဆင့်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
