ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၉) နှစ်မြောက် ကချင် ပြည်နယ်နေ့ အထိမ်းအမှတ် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးတာဝန်ရှိသူများနှင့်ဆွေးနွေး၊ မော်ဖောင်းတိုးချဲ့မြို့ကွက်သစ်နှင့်စပ်လျဉ်း၍ လုပ်ငန်းများအမြန်ဆုံးဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၂၅
          ကချင်ပြည်နယ်၏ အထိမ်းအမှတ်နေ့ထူးနေ့မြတ်ဖြစ်သည့် ကချင်ပြည်နယ်နေ့အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ၂၀၂၇ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့သည် (၇၉) နှစ်မြောက် ကချင်ပြည်နယ်နေ့ဖြစ်သဖြင့် အဆိုပါ ပြည်နယ်နေ့ အထိမ်းအမှတ် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအတွက် ကချင်အနုပညာရှင်များအသင်းနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၂၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
          အဆိုပါ ပြည်နယ်‌နေ့ အထိမ်းအမှတ် ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နှစ်စဉ်ကျရောက်သည့် မိမိတို့ပြည်နယ်၏ အထိမ်းအမှတ်နေ့တွင် နှစ်ပတ်လည်မဂ္ဂဇင်းထုတ်ဝေခြင်း၊ ပြက္ခဒိန်ထုတ်ဝေခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်တွင်လည်း ပြက္ခဒိန်ထုတ်ဝေနိုင်ရေးအတွက် တမူထူးခြားပြီး ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုလည်းပေါ်လွင်အောင်၊ ဒေသတွင်း အထင်ကရနေရာများကိုပါဝင်အောင် ကချင်အနုပညာရှင်များအသင်းက ပူးပေါင်းပါဝင်မှုဖြင့် ယခင်နှစ်များထက် ထူးခြားသစ်လွင်သော ပြက္ခဒိန်အဖြစ် ထုတ်ဝေဖြန့်ဖြူးနိုင်ရေး ကြိုးစားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက နှစ်အလိုက် ပြည်နယ်နေ့အထိမ်းအမှတ်မဂ္ဂဇင်းနှင့် ပြက္ခဒိန်ထုတ်ဝေခဲ့မှု အခြေ အနေများကို ရှင်းလင်းတင်ပြပြီး ကချင်အနုပညာရှင်များအသင်းမှ တာဝန်ရှိသူများက ပြက္ခဒိန်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် အကြံပြုချက်များကို သုံးသပ်တင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက သုံးသပ်အကြံပြုရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များအား ခေတ်အမြင်ဖြင့် ဖော်ထုတ်ပြသ၍ ထုတ်ဝေနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          ယင်းနောက် အဆိုပါခန်းမ၌ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်း မော်ဖောင်းတိုးချဲ့မြေကွက်သစ် ဖော်ထုတ်ရာတွင် လုပ်ငန်းများ အမြန်ဆုံးပြီးစီး၍ အများပြည်သူပိုင် နေရာများအပါအဝင် မြေကွက်များစနစ်တကျသတ်မှတ် နေရာချထားနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပသည်။
          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၏ အနောက်ဘက် (၁၂) မိုင်ခန့်အကွာ မော်ဖောင်းကျေးရွာအုပ်စုအတွင်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ တိုးချဲ့မြို့ကွက်သစ်ကို ဖော်ဆောင်လျက်ရှိပြီး မူဝါဒချမှတ်ထားသည့်အတိုင်း မြေကွက်များအား စနစ်တကျဖြစ်စေရေး၊ လိုအပ်သည့်မြေယာပြုပြင်ခြင်း၊ လမ်းများစနစ်တကျ ဖောက်လုပ်သတ်မှတ်ခြင်းနှင့် မြို့အင်္ဂါရပ်နှင့်အညီ သုံးရေ၊ ချိုးရေ၊ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ခြင်းများကို စနစ်တကျတိုင်းတာသတ်မှတ်ခြင်းများ ဆောင်ရွက်ထားရှိပြီးဖြစ်သဖြင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရေး ကာလတစ်ခုသတ်မှတ်၍ ဆောင်ရွက်ရန်လိုကြောင်းနှင့် လိုအပ်သည်များကို ဆွေးနွေးအကြံပြုကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးက မြေဧရိယာအတွင်း မြေယာဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ဧရိယာသတ်မှတ်၍ မြေကွက်ဖော်ထုတ် ပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ တက်ရောက်လာကြသည့် မြေကွက်ဖော်ထုတ်ရေး ကော်မတီအဖွဲ့ဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းတာဝန်များအလိုက်ဆောင်ရွက်နေမှု အခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြို့ကွက်သစ်အား အမြန်ဆုံး မြို့ပြနေရာတစ်ခုဖြစ်ပေါ်လာစေရေး လုပ်ငန်းကဏ္ဍအလိုက် အမြန်ဆုံးပြီးစီးအောင်ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။