ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များရှိ ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     ဇူလိုင်  ၂၇
ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံ ကော်မတီတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲများကို ဇူလိုင် ၂၇ ရက်က မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်နှင့် ဒူက‌ထောင်ရပ်ကွက်တို့တွင် ပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ နံနက် ၉ နာရီခွဲတွင် မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်သူများနှင့် ပိုးဇာလီဆူနှစ်ခြင်းအသင်းတော်ရှိ ခန်းမ၌ တွေ့ဆုံခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သော နည်းပညာဆိုင်ရာအချက်အလက်များ၊ ဘူမိဗေဒဆိုင်ရာပညာရှင်တွေ့ရှိချက်များ၊ လျှပ်စစ်စွမ်းအင်ရရှိမှုပေါ် မူတည်၍ နိုင်ငံတစ်ခုနှင့်တစ်ခု ဖွံ့ဖြိုးတိုးတက်မှုကွာခြားပုံ၊ မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသည့် ရပ်ကွက်နေပြည်သူများက မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ သိရှိလိုသည့် အချက်အလက်များ၊ ဒေသခံများ၏ အကျိုးအမြတ်၊ ခံစားခွင့်၊ စိုးရိမ်ပူပန် မှုများအပေါ် ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးနှင့် ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာအခန်း ကဏ္ဍအလိုက် နည်းပညာဆိုင်ရာ ငလျင်နှင့် တမံကြီးများ၏ ကြံ့ခိုင်မှု၊ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းရရှိမှု၊ မြစ်ဆုံဆည်ပြီးစီးပါက လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာနိုင်သည့် အခြေအနေများနှင့်ဒေသခံပြည်သူ များ၏ အကျိုးအမြတ်ခံစားခွင့်များကို   အပြန်အလှန် ဆွေးနွေးပေးခဲ့ကြသည်။
အလားတူ မွန်းလွဲပိုင်းတွင်လည်း ပြည်နယ်ဝန်ကြီးနှင့် ကချင်ပြည်နယ်ဒေသခံ ကော်မတီအဖွဲ့ ဝင်များ ဦးဆောင်သည့် အဖွဲ့က မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် နှစ်ခြင်းအသင်းတော်ရှိခန်းမ၌ ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံရပ်ကွက်နေ ပြည်သူများနှင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။