မြစ်ကြီးနား ဇူလိုင် ၂၇
သတင်းဆောင်းပါးနယ်ပယ်နှင့်စာကြည့်တိုက်ပညာနယ်တို့တွင် အရည်အချင်းရှိသော လူငယ်များ မွေးထုတ်ပေးနိုင်ရန်နှင့် ဗဟုသုတများ ဖြန့်ဝေပေးနိုင်ရေးအတွက်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် သတင်းဆောင်းပါးရေးသားနည်းနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို မြစ်ကြီးနားလူထုအခြေပြုဗဟိုဌာန (Com-munity Center) ၌ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကချင်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်း (၃၅) ဦးတို့အား သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ယခုသင်တန်းတွင် သတင်းဆောင်းပါးရေးသားခြင်းဆိုင်ရာ အခြေခံနည်းလမ်းများထဲမှ သတင်းအချက်များကို မှန်ကန်စွာစုဆောင်း၊ စိစစ်တင်ပြတတ်သည့် နည်းလမ်းများရရှိနိုင်မည်ဖြစ်ပြီး စာကြည့်တိုက်ဆိုင်ရာ အခြေခံသဘောတရားများတွင် စာအုပ်စာတမ်းများ စနစ်တကျ စီမံခန့်ခွဲတတ်သည့် နည်းလမ်းများနှင့် စာဖတ်ခြင်းအလေ့ကိုဖြစ်လာမည်ဖြစ်ကြောင်း၊ ဒါအပြင် သတင်းဆောင်းပါးများကို နည်းလမ်းမှန်ကန်ကျနစွာ စိစစ်ရေးသားတတ်ခြင်းအားဖြင့် ဌာနနှင့်ပြည်သူများအကြား ယုံကြည်မှုပိုမိုဖြစ်ထွန်းစေပြီး ချိတ်ဆက်မှုပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း (၃၅) ဦးတို့အား (၂) ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ဌာနနှင့်ကိုက်ညီပြီး ဌာနတွင်း သတင်းအချက်များ ထုတ်ပြန်ရာတွင်လည်းကောင်း၊ စာပေရေးသားမှုစွမ်းရည်မြင့်မားလာစေရန်လည်းကောင်း နည်းစနစ်တကျ ရေးသားတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း သိရသည်။
