ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေသတွင်း နှစ်ဖက်ချောစက္ကူထုတ်လုပ်နိုင်သည့် ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းပိုင် စက်ရုံလည်ပတ်နေမှုနှင့် ဝိုင်းမော်မြို့ နယ်အတွင်းမှ ယာယီတိမ်းရှောင်မိသားစုများအတွက် ဆန်အိတ် (၂၃၄၅)အိတ် ထောက်ပံ့

မြစ်ကြီးနား သြဂုတ် ၁
          ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပံ့ပိုးမှုဖြင့် ပထမဆုံးနှစ်ဖက်ချောစက္ကူထုတ်လုပ်လျက်ရှိသော ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေးသမဝါယမအသင်းလီမိတက်ပိုင်စက်ရုံအား နေရာသစ်ပြောင်း‌ရွေ့တည်ထောင်လည်ပတ်မှုလျက်ရှိသည့် အခြေအနေများကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇူလိုင် ၃၁ ရက် ညနေ ၃ နာရီခွဲက မန်ခိန်ရပ်ကွက်အတွင်းရှိ အဆိုပါစက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
          အဆိုပါ ဖြိုးဝေဝေ စက္ကူနှင့် စာအုပ်ထုတ်လုပ်ရေး သမဝါယအသင်းလီမီတက်အနေဖြင့် ဒေသတွင်း ရုံးသုံး၊ ကျောင်းသုံး စာအုပ်ဟောင်းများနှင့် စာရွက်အပိုင်းအစများ Recycle ပြုလုပ်၍ ပျော့ဖတ်များမှတစ်ဆင့် စက္ကူ(အကြမ်း/ အချောများ) တစ်ရှူးစက္ကူများနှင့် ကတ်ထူစက္ကူများကို ထုတ်လုပ်ဆောာင်ရွက်လျက်ရှိရာမှ ကချင်ပြည်နယ်အစိုးရအဖွဲ့က ဒေသတွင်း ကုန်ထုတ်လုပ်မှုစွမ်းအားမြှင့်မားလာစေရေးနှင့် ပထမဆုံးနှစ်ဖက်ချောစက္ကူထုတ်လုပ်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်ရေး ရန်ပုံငွေ(ရန်ပုံငွေစက်ဝန်း)အလိုက် သိန်း ၁၀၀၀ ကျော် မတည်ပေးခဲ့သဖြင့် နှစ်ဖက်ချော ကျောင်းသုံးဗလာစာအုပ်များ ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ရာ ယခုအခါ စက်မှုရပ်ကွက်မှ မန်ခိန်ရပ်ကွက်အတွင်း စက်ရုံသစ် ၁၂၀ ပေ၊ ၄၀ ပေ၊ ၁၇ ပေ အဆောက်အဦတည်ဆောက်ထားပြီး တစ်ရှူးစက်၊ တစ်ဖက်ချောစက်နှင့် နှစ်ဖက်ချောစက်ကြီးများတပ်ဆင်၍ လည်ပတ်ထုတ်လုပ်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက လှည့်လည်ကြည့် ရှုစစ်ဆေးခဲ့ကြကာ လိုအပ်သည်များနှင့် ကုန်ကြမ်းရရှိမှုအခြေအနေများ၊ နှစ်ဖက်ချောစက္ကူတိုးမြှင့်ထုတ်လုပ်နိုင်ရေး ဆောင် ရွက်နေမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များလုပ်ထုံးလုပ်နည်းနှင့်အညီ ကူညီပေးနိုင်ရေး ပေါင်း စပ်ဆောင်ရွက်ပေးခဲ့သည်။
          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ဝိုင်းမော်မြို့ အမှတ်(၃)၊ (၄)၊ (၅) ရပ်ကွက်များ၊ မုတ်လွဲ၊ ခတ်ချို၊ မိုင်းနား၊ နောင်တာလောနှင့် ဝူယန်ကျေးရွာအုပ်စုများမှ မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင်စခန်း (၂၁)ခုတွင် နေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး အိမ်‌ထောင်စုများအတွက် ဆန်(၂၄)ပြည်ပါအိတ်ပေါင်း (၂၃၄၅)အိတ်ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြရာ အိမ် ထောင်စုများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့် စခန်းအသီးသီးရှိ မိသားစုများ၏ လိုအပ်ချက်များကို တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က စခန်းအလိုက် ထောက်ပံ့မှုများအပြင် လိုအပ်ချက်များပေါ်ပေါက်ပါကလည်း အချိန်နှင့် တစ်ပြေးညီပံ့ပိုးပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အိမ်ထောင်စုများအနေဖြင့် လိုအပ်ချက်များပေါ်ပေါက်ပါက တင်ပြကြရန်နှင့် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။