ကချင်ပြည်နယ်ဝန်ကြီးချုပ် (၂၃) ကြိမ်မြောက် စေတနာသွေးသန့် သွေးလှူရှင်များ၏စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်အားပေး၊ ဗန်းမော်မေတ္တာစံအိမ်လူမှုကူညီရေးအသင်း ယာယီတိမ်းရှောင် ပြည်သူများအား ဆန်အိတ်များထောက်ပံ့

မြစ်ကြီးနား     သြဂုတ် ၁၄
          ကချင်ပြည်နယ် စေတနာသွေးသန့်သွေးလှူရှင်များအသင်းက ကြီးမှူး၍ မြစ်ကြီးနားမြို့ ကုတင် – ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် (၂၃)ကြိမ်မြောက် စေတနာသွေးသန့်သွေးလှူရှင်များ၏ စုပေါင်း သွေးလှူဒါန်းပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်ဌာန၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။
          ထိုသို့ စုပေါင်းသွေးလှူဒါန်းမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်ခဲ့ကြပြီး ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် စေတနာသွေးသန့်သွေးလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြကာ သွေးလှူရှင်များအတွက် အာဟာရဖြည့်အစားအသောက်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ပြည်နယ်စေတနာသွေးသန့်သွေးလှူရှင်များအသင်းတို့အတွက် ချီးမြှင့်ငွေ များကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ဗန်းမော်မြို့နယ်အတွင်းမှ နယ်မြေလုံခြုံရေးအခြေ အနေအရ မြစ်ကြီးနားမြို့သို့ လာရောက်တိမ်းရှောင်နေသော ဗန်းမော်မေတ္တာစံအိမ်လူမှုကူညီရေး အသင်းယာယီတိမ်းရှောင်မိသားစုများနှင့် သွားရောက်တွေ့ဆုံပြီး ငွေကျပ် ၈၄၅၅၀၀၀၀ တန်ဖိုးရှိ ဆန် (၂၄) ပြည်ပါအိတ် ၈၉၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ တိမ်းရှောင်မိသားစုများကိုယ်စား တာဝန် ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများအား ထောက်ပံ့မှုများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးသကဲ့သို့ မိုးအကုန်တွင်လည်း လိုအပ်ချက်များ၊ ပြုပြင်ဆောင်ရွက်နိုင်သည်များကို လည်း ကွင်းဆင်းဆောင်ရွက်နိုင်ရေး စီမံထားရှိပါကြောင်း၊ လတ်တလော နေရပ်ပြန်လည်နေထိုင်နိုင် ခြင်းမရှိသော်လည်း နေရပ်ပြန်နိုင်ရေး မိမိတို့အားလုံးက ဝိုင်းဝန်းကြိုးစားကြရန်လိုကြောင်း အားပေး ပြောကြားခဲ့သည်။
          ထို့အတူ ယမန်နေ့ ညနေပိုင်းကလည်း ငြိမ်းချမ်းသာယာဘောလုံးကွင်းဘေးရှိ မြေဧရိယာ အလျားပေ ၇၀၀ ကျော်၊ အနံပေ ၁၀၀ ကျော်အား ဂေါက်လေ့ကျင့်ရေးကွင်းအဖြစ် အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး မြေယာရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုကို ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ကြပြီး အဆိုပါ ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း ဆက်လက်ဆောင်ရွက်သွားမည့် အားကစားအဆောက်အအုံများအတွက် လျာထားသတ်မှတ်မှု အခြေအနေများကို ဆွေးနွေးဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။