ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ် ၊ ကချင်ပြည်နယ်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနား၊ ဝိုင်း‌မော်မြို့ နယ်အတွင်း လမင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်၊ နမ္မတီးမြို့ရှိ ယာယီတိမ်းရှောင်စခန်းနေ မိသားစုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား  သြဂုတ် ၁၃
          ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို မိခင်နို့စနစ်တကျတိုက်ကျွေးရေး၊ အသက် (၅)နှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး၊ အိုင်အိုဒင်းချို့တဲ့မှုပပျောက်ရေး ရက်သတ္တပတ်များအဖြစ် အပတ်စဉ်လူထုလှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပသည့် အဆိုပါ အထိမ်းအမှတ်အခမ်းအနားမှ သိရသည်။
          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်သူလူထုအားလုံး ဘဝတစ်လျှောက်လုံး အာဟာရပြည့်ဝမျှတစွာ စားသောက်နေထိုင်နိုင်ရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးတိုးတက်ကောင်းမွန်လာစေရေး၊ အာဟာရပြည့်ဝ၍ ကာယဉာဏဖွံ့ဖြိုးတိုးတက်သည့် မျိုးဆက်သစ်များပေါ်ထွန်းလာရေးတို့သည့် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ရင်းနှီးမြှုပ်နှံမှုများပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိခင်နို့တိုက်ကျွေးခြင်းမှ အစပြု၍ အသက်အရွယ်အလိုက် အာဟာရစောင့်ရှောက်မှုလုပ်ငန်းများကို ပိုမိုခိုင်မာအားကောင်းလာစေရန် နှီးနွယ်ဝန်ကြီး ဌာနများ၊ ကျန်းမာ‌ရေးဝန်ထမ်းများနှင့် ပြည်သူလူထုအားလုံးက ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
          ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါက်တာအောင်ဝင်းက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များကို ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် လှုပ်ရှားဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် တိုက်ကျွေးမည့် အာဟာရဓာတ်များအကြောင်း သိကောင်းစရာများကို ရှင်းလင်းတင်ပြပြီး ၂၀၂၆ ခုနှစ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ် ဗီဒီယိုကလစ်ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က အသက် (၅)နှစ်အောက် ကလေးများအား အင်အားပြည့် ဗီတာမင်အေဆေးလုံးများနှင့် သန်ချဆေးများကို တိုက်ကျွေးပေးကြပြီး ကိုယ်ဝန်ဆောင်မိခင်များအား ဗီတာမင်ဘီ-ဝမ်းဆေးပြားများပေးအပ်ခဲ့ကြကာ ခန်းမအတွင်းပြသထားသော အဟာရဖွံ့ဖြိုးရေး ရက်သတ္တ ပတ် အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့၊ ရပ်ကွက် (၁)ရှိ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် UID ထုတ်ပေးခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
          အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ကတ်ပြားများကို မြို့နယ်ဦးစီးမှူးရုံးက လမင်းစီမံချက်ဖြင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ အဆိုပါ အထက်တန်းကျောင်းအပါအဝင် အခြေခံပညာမူလတန်းလွန်ကျောင်း (၇)ကျောင်းတို့အတွက် နေ့ချင်းအပြီး ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၀၀)ကျော်နှင့် UID ကတ်များအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဦးစီးမှူးတို့က ကျောင်းသား/ ကျောင်းသူများထံလည်းကောင်း၊ ကျောင်းအုပ်များထံလည်းကောင်း လက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ခန်းမအတွင်း ကျောင်းသား/ ကျောင်းသူအား မြို့နယ်ဦးစီးမှူး ဦးဆောင်သည့် အရာထမ်း/ အမှုထမ်းဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID ထုတ်ပေးခြင်းလုပ်ငန်းတို့အား One Stop Service ဖြင့် ပြုလုပ်ဆောင်ရွက်ပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
          ထို့အပြင် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နမ္မတီးမြို့ မြို့လှ KBC ယာယီတိမ်းရှောင်စခန်းသို့သွားရောက်ပြီး နမ္မတီးမြို့ပေါ်ရှိ အဆိုပါစခန်းနှင့် RC စခန်းတို့မှ အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အိမ်ထောင်စုများအတွက် လိုအပ်ချက်ဖြစ်ပေါ်သည့်နေရာများတွင် ပြင်ဆင်ဆောင်ရွက်နိုင်ရေး စခန်းတစ်ခုလျှင် ငွေကျပ်သိန်း ၅၀ စီဖြင့် စုစုပေါင်းငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားနှင့် နေထိုင်စားသောက်မှုအတွက် လိုအပ်ချက်များကို တင်ပြသည်။
          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး အိမ်ထောင်စုများအား အားပေးအမှာစကားပြောကြားခဲ့ကြောင်း သိရသည်။