ကချင်ပြည်နယ်ဝန်ကြီးချုပ် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲသို့ တက်ရောက်၊ ပြည်နယ်လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများပေးအပ်

မြစ်ကြီးနား  သြဂုတ် ၁၇
          ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ကကြီးမှူး၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် အထိမ်းအမှတ် အာဟာရချက်ပြုတ် သရုပ်ပြပြိုင်ပွဲ၊ စံပြမိခင် ဆုချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့ နံ့နက်ပိုင်းက မြစ်ကြီးနားမြို့ စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။
          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုကဲ့သို့ အာဟာရဗဟု သုတများ ဖြန့်ဝေကျင့်သုံးခြင်းဖြင့် ပြည်နယ်အတွင်းရှိသည့် ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးနှင့် ညီညွတ်သည့် စားသောက်မှု အလေ့အထများ ပိုမိုဖြစ်ထွန်းလာမည်ဖြစ်သည့်အပြင် အာဟာရပြည့်ဝ ကျန်းမာပြီး သန်မာထွားကျိုင်း၊ ဉာဏ်ရည်မြင့်မားစွာဖြင့် မိသားစုနှင့် ဒေသအကျိုးကို သယ်ပိုးနိုင် သူများဖြစ်အောင် ဝိုင်းဝန်းကြိုးစားကြစေလိုကြောင်း တိုက်တွန်းမှာကြားပြီး ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဖြူဖြူသန့်က ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအား အာဟာရပြည့်ဝ မျှတစွာ ချက်ပြုတ်စားသောက်တတ်စေရန်နှင့် မြစ်ကြီးနားမြို့နယ်၏ အာဟာရ မျှတမှု အခြေအနေ များကို ရှင်းလင်းတင်ပြသည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကအဖွဲ့ဝင်များက ခန်းမအတွင်း အဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဆောင်ရွက်သွားမည့် ရပ်ကွက်များအလိုက် အာဟာရချက်ပြုတ်သရုပ်ပြပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ချက်ပြုတ်ရေးအတွက် ပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက မူကြိုကလေးငယ်များအား အားဆေးများတိုက်ကျွေးပေးခဲ့ကြကာ အာဟာရများ ဝေငှကျွေးမွေးခဲ့ကြသည်။
          ထို့အပြင် အဆိုပါ အခမ်းအနားတွင် အာဟာရချက်ပြုတ် သရုပ်ပြိုင်ပွဲတွင် ဆုရရပ်ကွက်များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခြင်းနှင့် အာဟာရဗဟုသုတပြိုင်ပွဲတွင် ဆုရရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်တို့အား စံပြမိခင်ဆုများ ပေးအပ်ချီးမြှင့်ခြင်း၊ အာဟာရများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
          ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင်ပြည်နယ်လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အားကစားအသင်းအား ပိုက်ကျော်ခြင်း အားကစားနည်းသည် နေရာဒေသမရွေး၊ လူတန်းစားမရွေး ငွေကုန်ကြေးကျနည်း၍ လွယ်လင့်တကူလေ့ကျင့်ကစားနိုင်ပြီး ရပ်ကွက်/ ကျေးရွာအဆင့်မှသည် အာရှအဆင့်ထိ ထင်ပေါ် ကျော်ကြားပြီး လူထုစိတ်ဝင်စားမှုအားကောင်းသော အားကစားနည်းတစ်ခုလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့လက်ရွေးစင်အသင်းအနေဖြင့်လည်း ပြိုင်ပွဲမှတစ်ဆင့် ဂုဏ်ယူစရာရလာဒ်များဖြင့် ပြည်နယ်၏ဂုဏ်ကို မြှင့်တင်အောင်ပွဲခံနိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
          ထို့နောက် ပြည်နယ်လက်ရွေးစင်အသင်းနည်းပြက တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပိုက်ကျော်ခြင်းအတွက် အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ် ၁၅ သိန်းကိုပေးအပ်ရာ အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားနှင့် ကတိပြုစကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။