မြစ်ကြီးနား စက်တင်ဘာ ၁၁
မြစ်ကြီးနားတက္ကသိုလ် ဥပဒေပညာပဉ္စမနှစ် ကျောင်းသား/ကျောင်းသူများ၏ ကချင်ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်နှင့် မြို့နယ်တရားရုံး၌ တရားခွင်လေ့လာရေးအစီအစဉ်အဖြစ် ယနေ့နံနက်ပိုင်းက လာရောက်လေ့လာမှုကို ပြည်နယ်တရားလွှတ်တော်ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ တရားရေးအရာရှိများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။
ထိုသို့ ကြိုဆိုတွေ့ဆုံရာတွင် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်က ဥပဒေပညာ ကျောင်း သား/ ကျောင်းသူများအနေဖြင့် တက္ကသိုလ်၌ ၅ နှစ်တာ သင်ယူခဲ့သည့် စာတွေ့နှင့် ယခုတရားခွင် လက်တွေ့ပိုင်းတို့ကို ပေါင်းစပ်လေ့လာနိုင်ကြတော့မည်ဖြစ်ပါကြောင်း၊ ဥပဒေဘွဲ့ရရှိပြီးနောက် လက်တွေ့နယ်ပယ်ရောက်ရှိလာသည့်အခါ နိုင်ငံ တော်အတွက် အားထားလောက်သည့် ကိုယ်ကျင့်သိက္ခာပြည့်ဝသော၊ ထူးချွန်ထက်မြက်သော ဥပဒေပညာရှင်များဖြစ်လာ အောင် စဉ်ဆက်မပြတ်ဆည်းပူးလေ့လာ ကြိုးစားကြရမည်ဖြစ်ကြောင်းနှင့် ယခုလို လာရောက်လေ့လာကြခြင်းအား ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း နှုတ်ခွန်းဆက်သြဝါဒစကားပြောကြားသည်။
ထို့နောက်ပြည်နယ်တရားရေးဦးစီးမှူးက ပြည်ထောင်စုသမ္မတမြန်မာနိုင်တော်၏ မျက်မှောက်ခေတ် တရားစီရင်းစနစ်အကြောင်းအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး လာရောက်လေ့လာကြသည့် ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာခင်စိုးစိုးလင်းက ကျေးဇူးတင်မိတ်ဆက်စကားနှင့် ဥပဒေပညာကျောင်းသား/ကျောင်းသူ(၇၃)ဦးကိုယ်စား ကျောင်း သားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးဆောင်၍ ဥပဒေပညာဌာနမှ ကျောင်းသား/ ကျောင်းသူများအား အုပ်စု(၇)စုခွဲ၍ ပြည်နယ်တရားလွှတ်တော်၊ မြစ်ကြီးနားခရိုင်နှင့် မြစ်ကြီးနားမြို့နယ်တရားရုံးများရှိ တရားခွင်များ၌ အမှုစစ်ဆေးခြင်း၊ အမှုကြားနာဆုံးဖြတ်ခြင်းနှင့် စီရင်ချက်အမိန့်ချမှတ်နေခြင်းတို့ကို လေ့လာခဲ့ကြကြောင်းသိရသည်။

