မြစ်ကြီးနားမြို့၌ မြစ်ကြီးနားနိုင်ငံတကာဖိုရမ်(၂၀၂၆) ကျင်းပနိုင်ရေး အသေးစိတ်အစီအစဉ်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်၊ သီတင်း ကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်မည်

မြစ်ကြီးနား အောက်တိုဘာ ၁၃
          ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ လာမည့်နိုဝင်ဘာလအတွင်း ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည့် ငြိမ်းချမ်းရေး၊ လူမှုစီးပွားနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ မြစ်ကြီးနားနိုင်ငံတကာဖိုရမ်(၂၀၂၆)အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျင်းပပြုလုပ်သွားမည့် အစီအမံများကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားတက္ကသိုလ်၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ လုပ်ငန်းအစီအမံများ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြစ်ကြီးနားတက္ကသိုလ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖိုရမ်သည် ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါ အလွန်အရေးပါပြီး ဂုဏ်ယူဖွယ်ရာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အခမ်းအနားအတွက် အစီအစဉ်များအား စနစ်တကျရှိစေရေး၊ လုံခြုံရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်သွားမည့်အသေးစိတ်အစီအစဉ်များနှင့်စပ်လျဉ်း၍ ဟန်ချက်ညီညီဖြင့် အားလုံးဝိုင်းဝန်းပေါင်းစပ်ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်း ခိုင်က ဖိုရမ်နှင့် စပ်လျဉ်း၍ လုပ်ငန်းအစီအမံများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူး၊ မြစ်ကြီးနားတက္ကသိုလ် ခေတ္တပါမောက္ခချုပ်ဒေါက်တာ စိုးမိုးလွင်က ဖိုရမ်ကျင်းပသွားမည့် အသေးစိတ် အစီအမံများ၊ ရက်အလိုက် ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များကို ကဏ္ဍအလိုက်ပါဝါပွိုင့် ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအပေါ် အောင်မြင်ချောမွေစွာ စီမံဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးခြင်းနှင့် အတည်ပြုခြင်းများကို ဆောင်ရွက်ကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ဆပ်ကော်မတီအလိုက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖိုရမ်အတွင်း ရက်အလိုက် ကျင်းပပြုလုပ်သွားမည့် စာတမ်းဖတ်ပွဲများအပါအဝင် အခမ်းအနားကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ထို့အတူ မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ယခုအောက်တိုဘာလအတွင်း (၃)ရက်ကြာ ကျင်းပပြုလုပ်မည့် သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်နိုင်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသတွင်းရှိ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။
          အဆိုပါ သီတင်းကျွတ် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို အောင်မြင်စွာကျင်းပနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ်က ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမည့် အစီအစဉ်များနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ကြရေး ဆွေးနွေးပြောကြားပြီး ကျင်းပရေးဦးစီးကော်မတီအတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပွဲတော်ကျင်းပရေးလုပ်ငန်းစီမံချက်ပါ ကျင်းပပြုလုပ်သွားမည့် အစီအစဉ်များနှင့် အတည် ပြု ဆုံးဖြတ်ပေးရမည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး တက်‌ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပွဲတော်အတွင်း အရောင်းပြခန်း ၄၀ ခန်းဖြင့် ဖွင့်လှစ်ပြသရောင်းချသွားမည့်အပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် MSME စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များနှင့် လိုလားချက်များ၊ အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပွဲတော်အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံးကတက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။