ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပူတာအိုခရိုင်အတွင်း ဆန်ဖူလုံရေးနှင့် ကုန်းမြင့်လယ်ယာများ တိုးချဲ့ဖော်ထုတ်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပူတာအိုခရိုင်အတွင်း ဆန်ဖူလုံရေးနှင့် ကုန်းမြင့်လယ်ယာများ တိုးချဲ့ဖော်ထုတ်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၁၄

          ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု (၂၈)ခုမှ ပြည်သူများအား ဦးတည်အုပ်စုအလိုက် စုရပ်များ ပြုလုပ်၍ ကာကွယ်ဆေးထိုးနှံပေးနေမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကာကွယ်ဆေးထိုးနှံပေးနေ မှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးတို့သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်းအတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊  မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီ ရေးအသင်းအဖွဲ့များ၏ ဝိုင်းဝန်းကူညီမှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၏ ကာကွယ်ဆေးထိုးနှံပေး နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံရန် လာရောက်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကျန်းမာရေးဝန်ထမ်းများနှင့် ပါဝင်ကူညီဆောင်ရွက်နေသူများအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

          ထို့နောက် အမှတ် (၄)အခြေခံပညာကျောင်းအတွင်း စုရပ်ပြုလုပ်၍ တပ်မတော်ဆေးတပ်ဖွဲ့ မှ ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်း၍ ကာကွယ် ဆေးထိုးနှံပေးနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေး အပ်ကာ ကာကွယ်ဆေးထိုးလုပ်ငန်းဆောင်ရွက်နေသူများအတွက် ထောက်ပံ့ငွေများကို ချီးမြှင့် ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် အဆိုပါကျောင်းဝင်းအတွင်း အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများ အား ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် စာရင်းပြုစုနေမှုအခြေအနေများ၊ စာသင်ဆောင်များ အတွင်း ကာကွယ်ဆေးထိုးနှံသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကျောင်းသား/သူများအား ကာကွယ်ဆေးထိုးနှံရာ တွင် အန္တရာယ်ကင်းရှင်းစွာ လာရောက်ထိုးနှံနိုင်ရေး၊ ကာကွယ်ဆေးထိုး လုပ်ငန်းလမ်းညွှန်ချက် များအတိုင်း စနစ်တကျစုဖွဲ့ ထိုးနှံပေးနိုင်ရေးနှင့် လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်မှုများကို ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဝိုင်းဝန်းဆောင်ရွက်ကြရေး တာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ပူတာအိုဒေသ အတွင်း ဆန်ရိက္ခာဖူလုံရေးနှင့် ကုန်းမြင့်လယ်ယာများဖော်ထုတ်နိုင်ရေးအတွက် ညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသသည် တောင်ပေါ်ဒေသဖြစ်သော်လည်း လွင်ပြင်ပေါများသည့် ဒေသတစ်ခုဖြစ်သည့်အတွက် ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် မျိုး ကောင်းမျိုးသန့်များ ပြောင်းလဲ၍ စိုက်ပျိုးနည်းစနစ်များဖြင့် အသိပညာပေးခြင်း၊ လယ်ယာမြေများ စနစ်တကျစဉ်ဆက်မပြတ်ဖော်ထုတ်ပေးရန်လိုကြောင်း၊ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာများအနေဖြင့် နောင်လာမည့် (၃)နှစ်အတွင်း ပူတာအိုခရိုင် ဆန်ရိက္ခာဖူလုံရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ပူတာအိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပူတာအိုခရိုင်အတွင်း ဆန်ဖူလုံရေးအတွက် နှစ်အလိုက်လယ်ယာမြေများ ဖော်ထုတ်ပေးနေမှုနှင့် ဆက်လက်ဆောင်ရွက် သွားမည့်အခြေအနေများ၊ စိုက်ပျိုးရေလုံလောက်မှုရှိစေရေး ဆည်မြောင်း၊ တာတမံများ တိုးချဲ့ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဒေသ၊ ရာသီဥတုနှင့် ကိုက်ညီသည့် စပါးမျိုးစေ့များ ထောက်ပံ့ သွားမည့်အစီအစဉ်နှင့် စိုက်ပျိုးနည်းစနစ်များ ဖြန့်ဝေသွားမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသတွင်း နောင်လာမည့် (၃)နှစ်အတွင်း ဒေသတွင်း ဆန်ရိက္ခာဖူလုံရေး ရည်မှန်းချက်ထား ဝိုင်းဝန်းကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်သွားရေး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် IDPs စခန်းနေ အိမ်ထောင်စုများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက် ပံ့ငွေယွမ်(၄)သန်း (မြန်မာငွေကျပ် ၇၄၇.၂၆၅ သန်း)ဖြင့် နေအိမ်များ တည်ဆောက် ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သည့် ကော်မတီအဖွဲ့ဝင်များက စခန်း နေ ပြည်သူများ နေရပ်ပြန်လည်နေရာချထားရေးအတွက် တာလောကြီး၊ ဒဘတ်ယန်၊ နန်ဆန်ယန် ကျေးရွာများတွင် နေအိမ်များ ပြန်လည်ပြင်ဆင်ခြင်း၊ အသစ်ဆောက်လုပ်ပေးခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်းဆိုင်ရာလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး လုပ်ငန်းများ မြန်ဆန်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ နယ်မြေလုံခြုံရေးအခြေအနေအရ မိုင်းရှင်းလင်းရေး လုပ်ငန်းများ နှင့် စပ်လျဉ်း၍ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။