ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ တက်ရောက်ဆုချီးမြှင့်

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ တက်ရောက်ဆုချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၃

          နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဒီဇင်ဘာအားကစား ပြိုင်ပွဲများဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့်အမျိုးသားဘောလုံးပြိုင်ပွဲများ ကို  ဒီဇင်ဘာ ၂၃ ရက်နေ့မှ စတင် ကျင်းပပြုလုပ်ခဲ့ရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းနားကို ဇန်နဝါရီ ၂ ရက် ညနေ ၄ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

          ရှေးဦးစွာ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် EP အသင်းနှင့် Civil အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)မှ သင်တန်းရေးရာဌာန၊ ဌာနကြီးမှူး နှင့် ဌာနမှူးများ၊ ကျောင်းသား/ ကျောင်းသူများက အားပေးကြည့်ရှုခဲ့ကြရာ EP အသင်းက Civil အသင်းအား ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရဗိုလ် စွဲသည်။

          ယင်းနောက် ပါမောက္ခချုပ်ဖလား မေဂျာပေါင်းစုံ ဒီဇင်ဘာအားကစားပြိုင်ပွဲ ပိတ်ပွဲနှင့် ဆုချီး မြှင့်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ ကျောင်းသူလေးများက ပန်းပွားအကဖြင့် ကပြဖျော်ဖြေခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးက အားကစားပြိုင်ပွဲတစ်လျှောက်လုံး ဇွဲ၊ လုံလ၊ ဝီရိယ စိုက်ထုတ်ပြီး အနိုင်မခံ၊ အရှုံးမပေး စိတ်ဓာတ်များဖြင့် ယှဉ်ပြိုင်ခဲ့ကြသလို အဓိကရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဘက်စုံထူး ချွန်ထက်မြက်သော အင်ဂျင်နီယာကောင်းများ ဖြစ်လာစေရေး ကြိုးစားကြရန်လိုကြောင်း တိုက်တွန်း မှာကြားသည်။

          ဆက်လက်၍ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်ကိုယ်စား သင်တန်းရေးရာဌာန၊ ဌာနကြီးမှူး ဦးမျိုးမြင့်က ကျေးဇူးတင်စကားပြောကြားပြီး အားကစားပြိုင်ပွဲများဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းကူညီပံ့ပိုးပေးသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ မေဂျာအလိုက် ဌာနမှူး ဆရာ၊ ဆရာမများက အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ၊ တင်းနစ်ပြိုင်ပွဲနှင့် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးဆုရရှိသူများနှင့် ဆုရအသင်းများအား အသီးသီး ဆုတံဆိပ်နှင့် ငွေသားတို့ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရ EC အသင်း နှင့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရ EP အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆုတံဆိပ်နှင့် ဒိုင်းဆု၊ ငွေသားဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။