(၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

 (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အခမ်းအနားတွင် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် တိုင်းရင်းသားပေါင်းစုံ စုပေါင်းဆင်နွှဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ ၂

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု  ကချင်ပြည်နယ်နေ့တွင် ရိုးရာအစဉ်အလာနှင့် မနောအကဖြင့် စုပေါင်းဆင်နွှဲနိုင်ရေး၊  မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ အပါအဝင် အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၂ ရက် နံနက် ၁ဝ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ နှင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရှိရသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ရိုးရာယဉ်ကျေးမှု အဖွဲ့များမှ တာဝန်ရှိသူများက (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်း အနားများအတွက် ဇန်နဝါရီ (၉)နေ့တွင် မနောအကဖြင့် စုပေါင်းဆင်နွှဲပြီး ဖွင့်လှစ်နိုင်ရေး၊ မြန်မာ့ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့်အတူ ပိုက်ကျော်ခြင်း၊ တိုက်ကွမ်ဒို၊ စားပွဲတင်တင်းနစ်၊ ကရာတေးဒို၊ မြန်မာ့သိုင်း၊ ဂျူဒိုသရုပ်ပြပြိုင်ပွဲ၊ သက်တမ်းအလိုက် ရေကူးပြိုင်ပွဲ၊ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများ ထည့်သွင်းကျင်းပသွားနိုင်ရေး ဆွေးနွေးခဲ့ကြသည်။

ထို့အပြင်  ဇန်နဝါရီ ၁၀ ရက်နေ့တွင် သဝဏ်လွှာဖတ်ပွဲနှင့် အတူ မနောအကဖြင့် စုပေါင်းဆင်နွှဲ နိုင်ရေး၊ ပြည်နယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့ကြသည့် လူပုဂ္ဂိုလ်အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်သွားမည့် အစီအစဉ်များနှင့်အတူ ပြေးလမ်း (၁၀)လမ်းပါ ရေကူးကန် ဖွင့်လှစ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ ကြသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ စည်ကား သိုက်မြိုက်စွာကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အစိုးရအဖွဲ့ရုံးဝင်းအတွင်း ပြည်နယ်နေ့ အခမ်းအနား ကျင်းပမည့် နေရာတွင်လည်း ဌာနဆိုင်ရာပြခန်းများ၊ ဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ် စားထုတ်ကုန်များကို ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရှိရသည်။