ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီး/ ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီး/ ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၂

          ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်ကိုယ်စားပြု အမျိုးသား/ အမျိုးသမီးလက်ရွေးစင် ပိုက်ကျော် ခြင်းအသင်းတို့အား ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ဇူလိုင် ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်လက်ရွေးစင်အသင်း နည်းပြများက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူများအား ပြိုင်ပွဲတွင် တစ်ဦးနှင့် တစ်ဦး နားလည်မှုရှိရှိ၊ စည်းလုံးညီညွတ်စွာဖြင့် ယှဉ်ပြိုင်ကစားသွားကြရေး၊ အားကစားစိတ်ဓာတ်ဖြင့် အသန့်ရှင်းဆုံးယှဉ်ပြိုင်ပြီး ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများဖြစ်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည်များကို စဉ်ဆက် မပြတ်ပံ့ပိုးကူညီပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက အသင်းအုပ်ချုပ်သူနည်းပြများထံ အောင်နိုင်ရေးအလံနှင့်  ပြည်နယ်အစိုးအဖွဲ့မှ ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီဥက္ကဋ္ဌကလည်း အသင်းအတွက် ထောက်ပံ့ငွေများကို ချီးမြှင့်ထောက်ပံ့ပေးအပ်သည်။

          အဆိုပါ တိုင်းဒေသကြီးနှင့် ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲ (၂)ခုလုံးတွင် ပါဝင်ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး လက်ရွေးစင်အသင်းတွင် အသင်း အုပ်ချုပ်သူ၊ နည်းပြ ၈ ဦး၊  အမျိုးသားကစားသမား ၁၅ ဦး၊ အမျိုးသမီးကစားသမား ၅ ဦးတို့ဖြင့် စုစုပေါင်း ၂၈ ဦးဖြင့် ဖွဲ့စည်းထားရှိကြောင်း သိရှိရသည်။