ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ကချင်ပြည်နယ်နှင့် နုကျန်း ပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

 ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ကချင်ပြည်နယ်နှင့် နုကျန်း ပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေး တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၂၄

          ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ် ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ ကချင်ပြည်နယ်နှင့် နုကျန်းပြည်နယ်ခွဲတို့အကြား နယ်စပ်ကုန်သွယ်ရေးနှင့်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်နိုင်ရန် သြဂုတ် ၂၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခ ခန်းမ၌ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်နှင့် တရုတ်နိုင်ငံ တို့၏ နယ်နိမိတ်ထိစပ်မှုသည် (၆၁၃.၆၄)မိုင် ရှည်လျားသည့်အပြင် တရုတ်ပြည်ဘက်တွင်လည်း ကချင်နှင့် ရှမ်းတိုင်းရင်းသားများ နေထိုင်လျက်ရှိသည့်အတွက် မိမိတို့သည် ဆွေမျိုးပေါက်ဖော်များပင် ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ တွေ့ဆုံမှုသည် ကချင်ပြည်နယ်နှင့် နုကျန်းပြည်နယ်ခွဲတို့ တံခါးဖွင့် လမ်းဖွင့်၍ အတူတကွ လက်တွဲဆောင်ရွက်သွားကြမည်ဟု ယုံကြည်ပါကြောင်း၊ ကုန်စည်စီးဆင်းမှု၊ ပညာရေး၊ ယဉ်ကျေးမှု၊ အသက်မွေးဝမ်း‌ကျောင်း သင်ကြားရေး၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုဖြင့် အခြေခံ၍ အတူတကွလက်တွဲပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

          ထို့နောက် နုကျန်းပြည်နယ်ခွဲ ကွန်မြူနစ်ပါတီ၊ ပါတီကော်မတီအတွင်းရေးမှူး Mr. Hong Weizhi နုကျန်းပြည်နယ်ခွဲ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့် ကချင်ပြည်နယ်နှင့် မြစ်ကြီးနားခရိုင်၊ ချီဖွေခရိုင်၊ ပူတာအိုခရိုင်တို့နှင့် နယ်စပ်ကုန်သွယ်ရေး၊ စီးပွားရေး ရင်းနှီးမြှုပ်နှံလိုသည်များနှင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍများတွင် ပိုမို ချစ်ခင်ရင်းနှီးစွာ  ပူးပေါင်းဆောင်ရွက်လိုသည့်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ၊ ပူတာအို၊ ချီဖွေ၊ ခေါင်လန်ဖူးတို့မှ ဒေသဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ နုကျန်း ပြည်နယ်ခွဲမှ  ကိုယ်စားလှယ်အဖွဲ့ဝင်များက နုကျန်းပြည်နယ်ခွဲနှင့် နယ်နိမိတ်ထိစပ်လျက်ရှိသည့် အပေါ် ကချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ ချီဖွေခရိုင်၊ ပူတာအိုခရိုင်တို့နှင့် ကုန်စည်စီးဆင်းမှုလုပ်ငန်း များတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ဖီမော်နယ်စပ်ကုန်သွယ်ရေးဂိတ် အဆင့်မြှင်တင်နိုင်ရေး၊ ဖီမော်ဒေသ နှင့် မြစ်ကြီးနားခရိုင်၊ ပူတာအိုခရိုင်တို့နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် ပူးပေါင်း ဆောင်ရွက်ရေး၊ လယ်ယာစိုက်ပျိုးရေးဇုန် အကောင်အထည်ဖော်ရေး၊ အသက်မွေးဝမ်း‌ကျောင်း ပညာရေးသင်တန်းကျောင်းတွင်တက်ရောက်နိုင်ပညာသင်ကြားနိုင်ရေးနှင့် ရေအားလျှပ်စစ်ထုတ်လုပ် ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ချင်း ချစ်ခင်ရင်းနှီးမှု တိုးမြှင့်ဆောင် ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရေး တိုက် တွန်းမှာကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပါတီကော်မတီအတွင်းရေးမှူးတို့က အမှတ်တရ လက် ဆောင်များကို အပြန်အလှန် ပေးအပ်ခဲ့ကြကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ ကြကြောင်း သိရှိရသည်။

          အလားတူ ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် ၈ နာရီခွဲက မြစ်ကြီးနားမြို့ ငြိမ်းချမ်း သာယာဖူဆယ်အားကစားရုံ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း (WHG) လူငယ်ဌာနမှ ဦးစီးကျင်းပသော ကချင်တိုင်းရင်းသားမျိုးနွယ်စုအလိုက် ဒုတိယအကြိမ် မြောက် အမျိုးသား/ အမျိုးသမီး မိတ်သဟာယ ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ပြည်နယ် ဝန်ကြီးများနှင့်အတူ တက်ရောက်အားပေးခဲ့ကြသည်။

          ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်း (WHG) ဥက္ကဋ္ဌက မျိုးနွယ်စုများအလိုက် ဒုတိယအကြိမ်မြောက် အမျိုးသား/ အမျိုးသမီး မိတ်သဟာယအစီအစဉ်ဖြင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဖူဆယ်ဘောလုံးပြိုင်ပွဲအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ကာ မျိုးနွယ်စု များရှိ လူငယ်များအချင်းချင်း ချစ်ခင်ရင်းနှီးစေပြီး စည်းလုံးမှုပိုမိုရရှိစေရန် အားကစားပြိုင်ပွဲ ပြုလုပ် ပေးခြင်းကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ထို့အပြင် ပြည်နယ်အတွက် ဖူဆယ်ဘောလုံးအားကစား တွင် ထူးချွန်သည့် လူငယ်ကစားသမားများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း အားပေးပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကချင် တိုင်းရင်းသားမျိုးနွယ်စုဝင်များဖြစ်ကြသည့် ဂျိန်းဖော၊ ဇိုင်ဝါး၊ လော်ဝေါ်၊ လာချိဒ်၊ လီဆူ၊ ရဝမ် မျိုးနွယ်စု(၆)မျိုးမှ အမျိုးသား/ အမျိုးသမီးဘောလုံးအသင်းများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရှိရသည်။