ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဗန်းမော်ခရိုင် အတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ တွေ့ဆုံ

 ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း ဗန်းမော်ခရိုင် အတွင်းရှိ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့ဝင်များ တွေ့ဆုံ

ဗန်းမော်         သြဂုတ် ၂၄

          ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအထူးအဖွဲ့ များ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ပြည်ပပို့ကုန် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အဓိကထား ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းသည် သြဂုတ် ၂၃ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်ရှိ မြသီတာဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တိုက်ဖျက်ရေးအထူး အဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက နိုင်ငံ့စီးပွား မြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို တိုးတက်အောင်မြင်အောင် ဆောင်ရွက်ကြရေး၊ ဒေသတွင်း စားသုံးဆီဖူလုံရေးနှင့် ပြည်ပသို့ တင်ပို့ရောင်းချနိုင်သည့် လယ်ယာ ထွက်ကုန်များကို အဓိကထား စိုက်ပျိုးထုတ်လုပ်ကြရန်နှင့် သွင်းကုန်/ ပို့ကုန်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်၊ အခများအပြည့်အဝ ရရှိရေး၊ လျော့နည်းဆုံးရှုံးမှုမဖြစ်ပေါ်စေ ရေး မိမိတို့အနေဖြင့် အမိန့်ညွှန်ကြားချက်များအပေါ် တိတိကျကျအလေးထားလိုက်နာဆောင်ရွက် ခြင်းအားဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ကာကွယ်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/ မြို့နယ်တရားမဝင်ကုန်သွယ်မှုများတားဆီးအရေး ယူနိုင်ရေး အထူးအဖွဲ့ဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးဝန်ကြီးဌာနအောက်ရှိ ဦးစီး ဌာနများမှ တာဝန်ရှိသူများက ဗန်းမော်ခရိုင်အတွင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။