မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက အောက်စီဂျင်စက်ရုံ အသစ်တစ်လုံး ထပ်မံတည်ဆောက်သွားမည်

 မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက အောက်စီဂျင်စက်ရုံ အသစ်တစ်လုံး ထပ်မံတည်ဆောက်သွားမည်

မြစ်ကြီးနား     မတ် ၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်ကြက်ခြေနီ‌ကြီးကြပ်မှုကော်မတီက ကိုဗစ် – ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြည်နယ်အတွင်း Oxygen လိုအပ်မှုအား ထောက်ပံ့ ကူညီနိုင်ရေးအတွက် အေးစေတီရပ်ကွက်ရှိ ကော်မတီပိုင် ဥယျာဉ်ခြံအတွင်း အောက်စီဂျင်စက်ရုံ သစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက်  မြန်မာနိုင်ငံကြက်ခြေနီအသင်း ထံမှ Oxygen Plant နှင့်အတူ 150 KVA မီးစက်တစ်လုံးကို ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်ရာ မတ် ၈ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် တာဝန်ရှိသူတို့က စစ်ဆေးလက်ခံခဲ့ကြသည်။

အောက်စီဂျင်စက်အား မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်ရှိ ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီပိုင်ဥယျာဉ်ခြံအတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး အောက်စီဂျင်စက်ရုံ စတင်လည်ပတ်ပါက မြစ်ကြီးနားမြို့ရှိ ကုတင် (၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးအပါအဝင် ပရဟိတအသင်းအဖွဲ့များ၊ ဘာသာရေးအသင်းအဖွဲ့အစည်းများ၊ နေရပ်စွန့်ခွာစခန်းနေပြည်သူများ နှင့် အောက်စီဂျင် အမှန်တကယ် လိုအပ်လျက်ရှိသော လူနာများအား အခမဲ့ ဖြန့်‌ဝေပေးသွား နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဘရန်ဒီးက ပြောကြားသည်။

အလားတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် အဆိုပါ အောက်စီဂျင်စက်အပါအဝင် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွက် ဗန်းမော်ခရိုင်နှင့် မိုးညှင်းခရိုင်များအတွက်ကို လည်း ထပ်မံခွဲဝေပေးပို့သွားမည်‌ဖြစ်ကြောင်း သိရသည်။