ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပူဇော်ပွဲအခမ်းအနားကျင်းပနိုင်ရေးနှင့် VIP ဧည့်ရိပ်သာ(ဧရာဝတီ)ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်  ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ် ပူဇော်ပွဲအခမ်းအနားကျင်းပနိုင်ရေးနှင့် VIP ဧည့်ရိပ်သာ(ဧရာဝတီ)ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်

မြစ်ကြီးနား                မတ် ၁၁

          ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ပူဇော်ပွဲ မင်္ဂလာ အခမ်းအနားကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၁၁ ရက် နံနက် ၁၀ နာရီက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အစိုးရအဖွဲ့မှ ကြီးကြပ်ပြီး ပြည်နယ်အတွင်း သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသော သံဃာတော်များ၊ သီလရှင် ဆရာကြီးများ၊ လူပုဂ္ဂိုလ်တို့အား ပူဇော်ဆက်ကပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီ များကို ဖွဲ့စည်းထားပြီးဖြစ်ရာ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့အောင်မြင်စွာဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များ နှင့်အညီ ကျင်းပပြုလုပ်ရမည် ဖြစ်ပါကြောင်း၊   ယခု ဘွဲ့တံဆိပ်ဆပ်ကပ်ပူဇော်ပွဲသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား ကျင်းပသည့်ပွဲဖြစ်သဖြင့် သာသနာရောင်ဝါ ထွန်းလင်း တောက်ပစေသည့် လုပ်ငန်းဖြစ်သည့်အပြင် မိမိတို့ပြည်နယ်၏ ဂုဏ်ကိုလည်း မြှင့်တင် နိုင်မည် ဖြစ်၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန် လိုအပ်ပါကြောင်း မှာကြားသည်။

          ထို့နောက် ပြည်နယ်သာသနာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြည်နယ်အတွင်း ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်သွားမည့် ရဟန်းသံဃာ (၆)ပါး၊ သီလရှင်ဆရာကြီး (၃)ပါးနှင့် လူပုဂ္ဂိုလ် (၁)ဦးတို့အား ဘွဲ့တံဆိပ်တော် ချီးမြှင့်ဆက်ကပ်မည့် အခမ်းအနားအစီအစဉ်များကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆပ်ကော်မတီအလိုက်  ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဘွဲ့တံဆိပ်တော်ကပ်လှူပွဲ အခမ်းအနားအား အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်း အမှတ် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အောင်ပွဲရခဲ့သော အမျိုးသားဂေါက်သီးရိုက်အသင်းနှင့် အမျိုးသမီးဂေါက်သီးရိုက်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် ကိုယ်စားပြုဂေါက်သီးရိုက်အသင်းတာဝန်ရှိများနှင့် ညှိနှိုင်းအစည်းအဝေးပြုလုပ်သည်။

          အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ကိုယ်စားပြု ဆုများရယူ ပေးခဲ့ကြ သည့် အမျိုးသားဂေါက်သီးရိုက်အသင်းနှင့် ပြည်နယ်၏ ဂေါက်သီးရိုက်သမိုင်းတွင် ပထမဆုံး တံခွန်စိုက်ပထမဆုအပြင် တစ်ဦးချင်းဆုများကိုပါ ရရှိခဲ့ကြသော အမျိုးသမီး အသင်းတို့အား ပြည်နယ်ကိုယ်စား ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ လာမည့်နှစ်များတွင်လည်း ယခုနှစ်ကဲ့သို့ စနစ်တကျစုဖွဲ့၍ ယှဉ်ပြိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း ဂုဏ်ပြုပြောကြား သည်။

ထို့နောက် ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်း အုပ်ချုပ်မှုအဖွဲ့ခေါင်းဆောင်က ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့်အခြေအနေများနှင့် အမျိုးသားအသင်းလိုက် တတိယဆုနှင့် အမျိုး သမီးအသင်းအနေဖြင့် အသင်းလိုက် တံခွန်စိုက်ပထမဆု၊ တစ်ဦးချင်း ပထမ၊ ဒုတိယ၊ တတိယ ဆုများရရှိခဲ့သည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဂေါက်သီးရိုက်အသင်းဝင်များအား ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်နိုင်ရေးနှင့် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံနိုင်ရေးတို့ အတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်အစိုးရ အဖွဲ့ပိုင် VIP ဧည့်ရိပ်သာ(ဧရာဝတီ)ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက် လက်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့ပိုင် ဧည့်ရိပ်သာကို ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်မှ စတင်၍ တင်ဒါခေါ်ယူတည်ဆောက်ခဲ့ရာ ယခုအခါတွင် တည်ဆောက်ပြီးစီး ပြီဖြစ်ပါကြောင်း၊ ပြည်နယ်အတွက် ဂုဏ်ယူစရာဖြစ်သည့်  ဧည့်ရိပ်သာဖြစ်သဖြင့် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ခမ်းနားအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မ တီများကို ဖွဲ့စည်းတာဝန်ပေးအပ်ပြီးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် လုပ်ငန်းတာဝန်များအလိုက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအပေါ် ဝိုင်းဝန်း အကြံပြုဆွေးနွေးကြစေ လိုကြောင်း မှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင် ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီမံဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တင်ပြချက် များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းပေးကာ  နိဂုံးချုပ်အမှာစကားပြောကြားသည်။

ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့၊ ကမ်းနားလမ်း၊ ဝန်ကြီးအိမ်ရာဝင်းရှိ ဧရာဝတီဧည့်ရိပ်သာ အသစ်သို့ သွားရောက်ပြီး ပြုပြင်တည်ဆောက်နေမှုနှင့် ဖွင့်ပွဲအခမ်းအနားအတွက် ကြိုတင် ပြင်ဆင်နေမှုများအား ဌာနဆိုင်ရာများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပြုပြင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။