မြစ်ကြီးနား စက်တင်ဘာ ၂
မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ရေစီးရေလာကောင်းမွန်စေရေး၊ မြို့သန့်ရှင်းရေးနှင့် ရပ်ကွက်တွင်းလမ်း ကတ္တရာလမ်းအဖြစ် အဆင့်မြင့်တင်ခြင်းလုပ်ငန်းများအား ကချင်ပြည်နယ်အစိုးရ အဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် တာဝန်ရှိသူများနှင့်အတူ စက်တင်ဘာ ၁ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး၊ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးမျိုးဝင်းနှင့် တာဝန်ရှိ သူများနှင့်အတူ မိုးရွာသွန်းမှုများပြားပါက ရေဝပ်တင်ကျန်သည့်နေရာများဖြစ်သည့် ပြည်ထောင်စုလမ်းမကြီးဘေး၊ မလိဇွပ်ဆေးရုံရှေ့ ရေမြောင်းနေရာ၌ လည်း ကောင်း၊ မြို့သစ်ကြီးရပ်ကွက် ပင်မရေနှုတ်မြောင်းနေရာ၌ လည်းကောင်း၊ ကြက်ပေါင်ခြံရပ်ကွက်ရှိ အမှတ်(၄) မြောင်းမကြီးနေရာ၌လည်းကောင်း ရေစီးရေလာကောင်းမွန်ရေး ရှင်းလင်းဆောင်ရွက်ထားရှိမှုနှင့် အဆိုပါ ရေနှုတ်မြောင်းများ ပေါင်းစုံသည့် ရေကြည်ချောင်းဝ ရေထိန်းတံခါးနေရာ၌ အမှိုက်များ ပိတ်ဆို့တင်ကျန်မှုရှိ/ မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့နောက် အမှတ်(၄) ရေနှုတ်မြောင်း ဖြတ်သန်းစီးဆင်းသည့် ရမ်ပူရပ်ကွက် လမ်းသွယ် ၂၄ နှင့် လမ်းသွယ်(၁၃) နေရာတို့ရှိ ရေကျော် Box Culvert နေရာတို့တွင် ပုံမှန်ရေစီးကြောင်းအတိုင်း စီးဆင်း မှုရှိ/ မရှိနှင့် အမှိုက်များ ပိတ်ဆို့နေမှု ရှိ/ မရှိတို့အားလည်းကောင်း၊ ယုဇနရပ်ကွက်နှင့် မြေမြင့်ရပ်ကွက်များကို ဖြတ်သန်းဖောက်လုပ်ထားသည့် ဈေးကြီးလမ်းဘေးဝဲ/ယာရှိ ရေဆိုးထုတ်မြောင်းများ အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေမြောင်းများ ရပ်ကွက်အလိုက် ရေစီးရေလာကောင်းမွန်စွာ စီးဆင်းနိုင်ရေး၊ အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး စစ်ဆေးရှင်းလင်းဆောင်ရွက်ကြရေး မှာကြားခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် အမှတ်(၃၇)သွားလမ်းဘေး၌ စည်းကမ်းမဲ့ စွန့်ပစ်ထားသည့် အမှိုက်ပုံအား စည်ပင်သာယာရေးအဖွဲ့က ယန္တရားများဖြင့် ရှင်းလင်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လူအများ နေ့စဉ်ဖြတ်သန်းသွားလာသည့် နေရာဖြစ်သည့်အတွက် လမ်းဘေးဝဲ/ယာသန့်ရှင်းမှုရှိစေရေး အမြဲမပြတ် ရှင်းလင်းဆောင်ရွက်ကြရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး တပ်ကုန်းရပ်ကွက်၊ ရွှေလမ်းမကြီးဘေး (၃၇)လမ်းဆုံ အနီးမှ လမ်းသွယ်(၂၀)ထိ အရှည်ပေ ၈၀၀ အား သဲကျောက်ခင်းလမ်းသားမြှင့်တင်၍ ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကာ လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ဆောင်ရွက်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။










