မြစ်ကြီးနား ဇွန် ၁
မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်စေရန် ရည်ရွယ်၍ ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန က တန်ဖိုးမြှင့်စားသောက်ကုန် (Bakery) ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ တက်ရောက်ဖွင့်လှစ်ပေးသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ယနေ့ သင်တန်းသည် ပြည်တွင်းထွက် သစ်သီးဝလံများနှင့် ဂျုံကို အခြေခံ၍ ကျန်းမာရေးနှင့်ညီညွတ်သော စားသောက်ကုန်အမယ်သစ်များ ထွက်ပေါ်လာစေခြင်း၊ ပြည်ပမှ စားသောက်ကုန်များ တင်သွင်းမှု လျော့နည်းလာစေသည့်အပြင် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ တိုးပွား၍ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ဥပဒေနှင့်အညီ ဘေးအန္တရာယ်ကင်းရှင်းသော စားသောက်ကုန်များအဖြစ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းသစ်များ ထူထောင် သွားနိုင်မည်ဖြစ်၍ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေများ ရရှိလာမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက (၅) ရက်ကြာ ဖွင့်လှစ်သွားမည့် သင်တန်းအတွက် သင်တန်းသုံး ကုန်ကြမ်းပစ္စည်းများနှင့် သင်ထောက်ကူပစ္စည်းများကို လည်းကောင်း၊ သင်တန်းသူများအတွက် ၂၂ ဦး၊ ဝန်ထမ်းများနှင့် သင်တန်းဖွင့်ပွဲအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ခန်းမအတွင်း၌ ခင်းကျင်းပြသထားသည့် သင်တန်းသုံးကုန်ကြမ်းပစ္စည်းများနှင့် ထုတ်ကုန်အမယ်များ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

