ကချင်ပြည်နယ်အတွက် ပထမဆုံး တစ်နာရီ ၅ တန်ကျ တိရစ္ဆာန်အစာစပ်စက်ရုံနှင့် တစ်လလျှင် ကြက်သားပေါက်ကောင်ရေ နှစ်သိန်း ထုတ်လုပ်နိုင်မည့် ကြက်သားဖောက်စက်ရုံ စတင် တည်ဆောက်လျက်ရှိ၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး စီစဉ်‌ဆောင်ရွက်ပေး လျက်ရှိ

မြစ်ကြီးနား     နိုဝင်ဘာ ၁
          ကချင်ပြည်နယ်အတွင်း သား/ ငါးနှင့် ဥစားသုံးမှု လုံလောက်ဖူလုံစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုစေရေးအတွက် ပထမဆုံးသော တစ်နာရီ ၅ တန်ကျ တိရစ္ဆာန်အစာထောင့်စက်ရုံနှင့် တစ်လလျှင် ကြက်သားပေါက်ကောင်ရေ နှစ်သိန်း ထုတ်လုပ်ပေးနိုင်မည့် ဥဖောက်စက်ရုံများကို မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း တည်ဆောက်လျက်ရှိသည်။
           အဆိုပါ စက်ရုံများကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အားပေးကူညီမှုဖြင့် KT ကုမ္ပဏီက ရွှေပြည်သာရပ်ကွက် လီဆူကွင်းအတွင်း မြေဧရိယာ ၂ ဒဿမ ၅၀ ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံများတည်ဆောက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တူ အောက်တိုဘာ ၃၁ ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းခွင်အတွင်း အစာကုန်ချောသိုလှောင်ရုံ ၈၀ ပေ × ၆၀ ပေ တည်ဆောက်ပြီးစီးမှု၊  ကြက်သားဖောက်စက်ရုံ ၁၁၅ ပေ × ၈၄ ပေ အဆောက်အဦ တည်ဆောက်နေမှု၊ အစာကုန်ကြမ်းသိုလှောင်ရုံ ၈၀ ပေ × ၆၀ ပေ အဆောက်အအုံ တစ်လုံး၊ အစာစပ်စက်ရုံ ၆၀ ပေ × ၆၀ ပေ အဆောက်အအုံတစ်လုံး၊ ဓာတ်ခွဲခန်း ၂၀ ပေ × ၂၀ ပေ အ ဆောက်အဦ တစ်လုံး၊ အစာစပ်ရုံ ရုံးခန်းနှင့် ကြက်သားဖောက်စက်ရုံရုံးခန်း အဆောက်အုံများ တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စက်ရုံတည်ဆောက်ပြီးစီးရန် လျာထားမှုအခြေအနေများနှင့် အိမ် ဆောက်ပစ္စည်းလိုအပ်ချက်အပေါ် လွယ်ကူလျင်မြန်စွာရရှိရေး ပြည်နယ်ဝန်ကြီးများ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်း စပ်ဆောင်ရွက်ပေး သည်။
          အဆိုပါ စက်ရုံများ တည်ဆောက်ပြီးစီးပါက အစာစပ်စက်ရုံ အနေဖြင့် ကြက်၊ နွားနှင့် ငါး စသည့် တိရစ္ဆာန်အစာထောင့် တစ်နာရီလျှင် ၅ တန်ဖြင့် တစ်ရက်အလုပ်ချိန် ၈ နာရီအတွက် တန် ၄၀ ကျော်ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တိရစ္ဆာန်အစာမှုန့်ကို တစ်နာရီလျှင် ၁၀ တန်ဖြင့် တစ်ရက်အလုပ်ချိန် ၈ နာရီအတွက် တန် ၈၀ ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းနှင့် ကြက်သားဖောက်စက်ရုံ တည်ဆောက်ပြီးစီးပါက ကနဦးအနေဖြင့် မန္တလေးနှင့် စစ်ကိုင်းမှ မျိုးကြက်ဥများကို သယ်ဆောင် ၍ တစ်လလျှင် ကြက်သားပေါက်ကောင်ရေ ၈ သောင်းနီးပါးထုတ်လုပ်နိုင်မည်ဖြစ်ကာ မော်ဖောင်းကျေးရွာအတွင်း မျိုးကြက်ခြံတည်ဆောက်ပြီးပါက ကိုယ်ပိုင်မျိုးကြက်ခြံမှတစ်ဆင့် ကြက်ဥများဖြင့် ဖောက်လုပ်ပါက တစ်လလျှင် ကြက်သားပေါက် ၂ သိန်းကျော်ထုတ်လုပ်လာနိုင်မည်ဖြစ်ကြောင်း သိရသည့်အတွက် ဒေသတွင်း မွေးမြူရေးလုပ်ငန်းရှင်များအနေဖြင့် လမ်းခရီးအခက်အခဲကြောင့် ကြက်သားပေါက်သယ်ယူခြင်းနှင့် တိရစ္ဆာန်အစာဝယ်ယူခြင်းကို ကျော်လွှားနိုင်မည်ဖြစ် ကြောင်း သိရသည်။
          ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်ထောင်ကျေးရွာအတွင်းရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးစိုးတင့်၏ အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ပြီး ခြံဝင်းအတွင်း ကြက်ခြံကြီး ၅ ခြံ၌ အသားတိုးကြက်ကြောင်ရေ ၆၀၀၀၀ ကျော်မွေးမြူထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မကြာခင်ကာလအတွင်း ဒေသတွင်းတိရစ္ဆာန်အစာနှင့် ကြက်သားပေါက်ဝယ်ယူရရှိနိုင်မည်ဖြစ်သည့်အတွက် တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ ပလနကျေးရွာအုပ်စု၊ ပလန-၅ (ကံကော်မြိုင်ကျေးရွာ)အတွင်း မွေးမြူရေးလုပ်ငန်းရှင် ဦးသက်နိုင်၏ ငါးမွေးမြူ ရေးကန်များသို့ သွားရောက်ပြီး အဆိုပါ ငါးကန်ဧရိယာအတွင်း ငါးများစနစ်တကျ ပြန်လည်တူးဖော် ဆောင်ရွက်နေမှုရေသွင်းမြောင်းများ ဖောက်လုပ်နေမှုအခြေအနေများနှင့် ထည့်သွင်းမွေးမြူထားသည့် ငါးများအား ပိုက်ဆွဲ၍ ရောင်းချပေးနေမှုတို့အား သွားရောက်ကြည့်ရှုအားပေးကြကြောင်း သိရသည်။