မြစ်ကြီးနား နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့မှ နယ်မြေလုံခြုံရေးအခြေအနေအရ မြစ်ကြီးနားမြို့၊ နန်ကျင်ကျေးရွာအတွင်းရှိ မံစီစခန်း၌ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ကချင်ပြည်နယ်အစိုးရအဖွဲ့က ဆန်ရိက္ခာနှင့် ကျောင်းသုံးပစ္စည်းများကို နိုဝင်ဘာ ၂ ရက် ညနေပိုင်းက သွားရောက်ထောက်ပံ့ပေးသည်။
ထိုသို့ သွားရောက်တွေ့ဆုံထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်တို့က စခန်းနေအိမ်ထောင်စု ၉၃ စု၊ လူဦးရေ ၂၉၆ ဦးတို့အတွက် ငွေကျပ်သိန်း ၁၄၀ တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် ၁၀၀ အိတ် နှင့် ကျောင်းသုံးစာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် မိသားစုများ နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာ လိုအပ်ချက်များကို တင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိမ်းရှောင်မိသားစုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး အလျဉ်းသင့်သလိုကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေး၊ နေရပ်ပြန်လည်နေထိုင်ရေးအတွက် နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဝိုင်းဝန်းကူညီကြရမည်ဖြစ်ပါကြောင်းနှင့် စခန်းနေမိသားစုများအတွက် လိုအပ်ချက်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ယနေ့ နံနက် ၈ နာရီကလည်း ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ဖားကန့်-ကာမိုင်းလမ်းပိုင်း ပြုပြင်ခင်းကျင်းနိုင်ရေးနှင့် ဥရုချောင်းရှင်းလင်းရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များပါဝင်သည့် ကိုယ်ထူကိုယ်ထ လမ်းဖြစ်မြောက်ရေးကော်မတီဖွဲ့စည်းပြီး ပြုပြင်ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သော ဖားကန့်-ကာမိုင်းလမ်းပိုင်းအား ပြုပြင်ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် နှစ်စဉ် ဥရုချောင်းရေကြီးမြင့်မှုကြောင့် ဖားကန့်မြို့ပေါ်လမ်းများနှင့် လူနေအိမ်များ ရေကြီးနစ်မြှုပ်မှုပျက်ဆီးမှုမှ ကာကွယ်နိုင်ရေးနှင့် ဆုံးရှုံးထိခိုက်မှုလျော့နည်းကျဆင်းစေရေး ဥရုချောင်းရှင်းလင်းရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ပြလာမှုများအပေါ် ကိုယ်ထူကိုယ်ထအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သော်လည်း လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုပေးနိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အသေးစိတ်လုပ်ငန်းအစီအမံများ၊ သုံးစွဲဆောင်ရွက်သွားမည့် ယာဉ်/ယန္တရားများအပေါ် စနစ်တကျကွင်းဆင်းတိုင်းတာစစ်ဆေးတွက်ချက်၍ ခွင့်ပြုဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ယခုနိုဝင်ဘာလအတွင်း ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းချုပ်တို့ ပူးပေါင်းကျင်းပမည့် ကချင်ရိုးရာကောက်သစ်စားပွဲတော်ကို ခမ်းနားစည်ကားစွာကျင်းပနိုင်ရေးအတွက် တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တာဝန်ရှိသူများနှင့် ဆွေးနွေးဆောင်ရွက်သည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ရိုးရာကောက်သစ်စားပွဲတော်အား မိမိတို့၏ ယဉ်ကျေးမှု၊ ရိုးရာအစဉ်အလာတို့နှင့်အညီ ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာဆင်ယင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဆပ်ကော်မတီအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် ကိစ္စရပ်များအပေါ် လိုအပ်သည်များကို ဆွေးနွေးတင်ပြကြစေလိုကြောင်း တိုက်တွန်းမှာကြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ကချင်ရိုးရာကောက်သစ်စားပွဲတော်အား မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမ၌ ရိုးရာအတိုင်းကျင်းပပြုလုပ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ ကောက်ဦးပလိုင်းများ ဂါရဝပြုပေးအပ်သွားမည့် အစီအစဉ်များ၊ ရိုးရာအကအလှများ ထည့်သွင်းကပြဖျော်ဖြေသွားမည့် အစီအစဉ်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် အစီအမံများနှင့်စပ်လျဉ်း၍ အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ဆပ်ကော်မတီအလိုက် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးကြောင်း သိရသည်။



