မြစ်ကြီးနား နိုဝင်ဘာ ၂
(၃၈)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်/ မြို့နယ်ရုံးများအနေဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အားကစားပြိုင်ပွဲများ ကျင်းပခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အမှတ်(၁)တပ်မတော်ဆေးရုံ (ကုတင်-၃၀၀)၌ စုပေါင်းသွေးလှူဒါန်းပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါ သွေးလှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့်ဇနီး၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်ခဲ့ကြပြီး ဆေးရုံ၌ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင် ဦးစီးသော အရာထမ်း/ အမှုထမ်းများအား ဆေးတပ်မှူးနှင့် ဆေးရုံဝန်ထမ်းများ၏ ကူညီပေးမှုဖြင့် စုပေါင်းသွေးလှူဒါန်းမှုကို လှည့်လည်ကြည့်ရှုအားပေးကြပြီး သွေးလှူဒါန်းပေးသူများအား အာဟာရဖြစ်စားသောက်ဖွယ်ရာများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ကြကာ ဆေးရုံအတွက် ဆေးပဒေသာပင်အဖြစ် အလှူငွေကျပ် ၅၀ သိန်းနှင့် ဆေးရုံလူနာများအား အာဟာရကျွေးမွေးစရိတ်အဖြစ် ငွေကျပ် ၂၆ သိန်းကို ပေးအပ်လှူဒါန်းသည်။
ထို့နောက် သွေးလှူဒါန်းပေးရန်လာကြသော ပြည်နယ်/ ခရိုင်/ မြို့နယ်ရုံးဝန်ထမ်းများ အားလုံးအတွက် ဂုဏ်ပြုလက်ဆောင်များကို အသီးသီးပေးအပ်ကြသည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် ပြည်နယ်ဝန်ကြီးများနှင့် အတူ (၃၈) နှစ်မြောက်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်(ပြည်နယ်၊ ခရိုင်၊ မြို့နယ်) အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဗိုလ်လုပွဲအဖြစ် ဌာနခွဲ-၃(က)အသင်းနှင့် ဗန်းမော်ခရိုင်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ပြည်နယ်အဆင့်ဌာနဆိုင်များ၊ ဝန်ထမ်းများနှင့်အတူ ကြည့်ရှုအားပေးကြရာ ၂ဂိုး ၂ဂိုးဖြင့် သရေကျသဖြင့် ပယ်နယ်တီ ဆက်လက်ယှဥ်ပြိုင်ရာတွင် ဗန်းမော် ခရိုင်အသင်းက ၆ ဂိုး ၅ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က နှစ်သိမ့်ဆုရရှိသော ဌာနခွဲ (၁)အသင်း၊ ဌာနခွဲ (၂) အသင်း၊ ဌာနခွဲ-၃(ခ) အသင်းနှင့် ချီဖွေခရိုင်အသင်းတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က တတိယဆုရရှိသော ဌာနခွဲ (၄)အသင်းအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက ဒုတိယဆုရရှိသောအသင်းအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသောအသင်းအားလည်းကောင်း ဂုဏ်ပြုဆုဖလားနှင့် ချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။









