ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားဇုံနယ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၏ အသက် ၂၃ နှစ်အောက် လူငယ်ဖလား (MKBA U-23 Youth Cup) ဘောလုံးပြိုင်ပွဲအား ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဇူလိုင် ၂၄
         ၂၃-၇-၂၀၂၆ ရက်နေ့ ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများသည် မြစ်ကြီးနားတက္ကသိုလ်၌ မြစ်ကြီးနားဇုံနယ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့ လူငယ်ကော်မတီအဖွဲ့က ကြီးမှူးကျင်းပသော MKBA U-23 Youth Cup 2026 ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြရာ MKBA လူငယ်ကော်မတီမှ တာဝန်ရှိသူက ဘောလုံးပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
          ဆက်လက်၍ ဘောလုံးပြိုင်ပွဲအား ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ဘောလုံးပြိုင်ပွဲသည် ပြိုင်ပွဲဝင် အသင်းပေါင်း ၂၀ သင်းဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ကချင်ပြည်နယ်အတွင်း ရွက်ပုန်းသီး လူငယ်အားကစားသမားများ မွေးထုတ်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ထို့အပြင် ဘောလုံးအားကစားမှတစ်ဆင့် မိမိတို့ပြည်နယ်၊ နိုင်ငံမှတဆင့် နိုင်ငံတကာအဆင့်ကို ထိုးဖောက်ဝင်ရောက်၍ ပြည်နယ်ဂုဏ်၊ နိုင်ငံဂုဏ်ဆောင်နိုင်စေရန်နှင့်စစ်မှန်သော အားကစားသမားကောင်းများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့သည့်အတွက် စည်းကမ်းပြည့်ဝစွာ၊ သန့်ရှင်းမျှတစွာယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
          ထို့နောက် ဘောလုံးပြိုင်ပွဲအတွက် သိက္ခာတော်ရဆရာက ဆုတောင်းဆက်ကပ်ပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲကျင်းပရေးကော်မတီထံ ချီးမြှင့်ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကာ ကချင်တိုင်းရင်းသားမျိုးနွယ်စုအလိုက် ရိုးရာယဉ်ကျေးမှု အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အဖွင့်ပွဲစဉ်အဖြစ် ဂျော်မဆပ်အသင်းနှင့် မန်ခိန်အသင်းတို့၏ ယှဉ်ပြိုင်မှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
          အဆိုပါ ဘောလုံးပြိုင်ပွဲတွင် မြစ်ကြီးနားဇုံနယ်ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့တွင် ပါဝင်သော အသင်းတော်အသီးသီးမှ ပြိုင်ပွဲဝင်ဘောလုံးအသင်း ၂၀ သင်းဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ပြိုင်ပွဲကို ဇူလိုင် ၂၃ ရက်နေ့မှ သြဂုတ် ၂၅ ရက်နေ့အထိ နှစ်လနီးပါး ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။