ကချင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်‌ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ပထမရက်(၁၀၀) ကာလအတွင်း မြစ်ကြီးနားမြို့တွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် မှုခင်းကျဆင်းရေး ဆောင်ရွက်မည့် Pilot Project အား ပြည်သူလူထုထံသို့ ချပြရှင်းလင်းခြင်းအခမ်းအနားသို့တက်ရောက်

မြစ်ကြီးနား     မေ  ၂၁

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ပထမ ရက် ၁၀၀ ကာလအတွင်း မှုခင်းကြိုတင်ကာကွယ်ရေး၊ အရေးကြီးမှုခင်းများ လျော့နည်းကျဆင်းရေး ၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ‌ဆောင်ရွက် မည့် Pilot Project စီမံချက်လုပ်ငန်းစဥ် အသေးစိတ် ချပြရှင်းလင်းခြင်းအခမ်းအနားကို မြစ်ကြီးနား မြို့ ဧရာရပ်ကွက် စုပေါင်းရုံးဝင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေး ကော်မတီဝင်များ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများ တက်ရောက်သည်။

အခမ်းအနားတွင် ဦးစွာပြည်နယ်ဝန်ကြီးက လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများဖြစ်သည့် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ ဌာနဆိုင်ရာများ၊ ပြည်သူ့လုံခြုံရေးနှင့်အကြမ်း ဖက်နှိမ်နင်းရေးအဖွဲ့များသည် မြို့တွင်း/မြို့ပြင်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်‌‌ရေးယန္တရားခိုင်မာစေရန် ပြည်သူလူထုနှင့် ပူးပေါင်း လက်တွဲပြီး နယ်မြေအေးချမ်းသာယာအောင် တည်ဆောက်နိုင်ရန်အတွက် မြစ်ကြီးနားမြို့တွင် ၂၁-၃-၂၀၂၆ ရက်နေ့မှ ၃၀-၇-၂၀၂၆ ရက်နေ့အထိ Pilot Project စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့တွင်း မှုခင်းကြိုတင်ကာကွယ်ရေး၊ အရေးကြီးမှုခင်းများ လျော့နည်းကျဆင်းရေး၊ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ယခင်ကထက် ပိုမိုဆောင်ရွက်နိုင်ရန် လိုအပ်သောကြောင့် Pilot Project စီမံချက်ကို ဇုန်နယ်မြေများ ခွဲခြားသတ်မှတ်ပြီး မြေပြင်ကွင်းဆင်းကာ ထိထိ‌‌‌ရောက်ရောက် ဆောင်ရွက်သွားမှာဖြစ်‌ကြောင်း သို့ ဖြစ်ပါ၍ အခမ်းအနားသို့ တက်ရောက်လာကြသော ဒေသခံပြည်သူများကလည်း စီမံချက်အောင်မြင် အောင် ဝိုင်းဝန်းလက်တွဲဆောင်ရွက်သွားကြရန် လိုကြောင်းတိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက Pilot Project နှင့်ပတ်သက်ပြီး မြစ်ကြီးနားမြို့တွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဥ်များ၊ ဆက်လက်ဆောင်ရွက်သွားမည့် လုံခြုံရေး အစီအမံများအား ချပြရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာ‌ကြသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများက Pilot Project နှင့်ပတ်သက်ပြီး သိလိုသည်များနှင့် မရှင်းလင်းသည်များကို မေးမြန်းရာ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုး‌ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးတို့အတွက် Pilot Project စီမံချက် လုပ်ငန်းစဥ် များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ခရိုင်/မြို့နယ်များအပြင် ရပ်ကွက်/ကျေးရွာများအထိ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှလည်း ပြည်သူလူထုနှင့် လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရေး နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သိရသည်။