ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းစစ်ဆေးပြီး စပါးမျိုးစေ့များ ပေးအပ်၊ ဒေသလိုအပ်ချက်များ ဖြည့်ဆည်း‌ဆောင်ရွက်ပေး

ပူတာအို         မေ ၂၁

          ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်အတွင်း ကျေးရွာများ၌ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် ကျေးရွာများတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မေ ၂၁ ရက်နေ့က ကွင်းဆင်းစစ်ဆေး၍ ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဦရဲရင့်ဆွေ၊လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချူပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ခရိုင်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ပူတာအိုမြို့နယ်၊ နမ့်ထွမ်ခူးကျေးရွာအုပ်စု၊ နမ့်ထွမ်ကျေးရွာသို့ သွား‌ရောက်ခဲ့ကြရာ ပူတာအိုတိမ်ပင်လယ်ရှိရာတောင်မှတစ်ဆင့် နမ့်ထွမ်ခူးကျေးရွာသွားလမ်း ဖောက်လုပ်ထားရှိမှု အခြေအနေများနှင့် ရေမြေတောတောင်သဘာဝများကို ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် ကျေးရွာအဝင် နမ်ထွမ်ခူးချောင်းပေါ်တွင် တည်ဆောက်ထားသည့် ကွန်ကရစ်တံတားမှတစ်ဆင့် လယ်မြေများနှင့် ကျေးရွာနေအိမ်များအား ရေတိုက်စားခံရနိုင်သည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ချောင်းတစ်လျှောက် ရေကာတန်းတည်ဆောက်ပေးနိုင်ရေး သက်ဆိုင်ရာဌာနများအနေဖြင့် မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေး၍ တွက်ချက်တင်ပြနိုင်‌ရေး မှာကြားခဲ့သည်။

ထို့နောက် ကျေးရွာအတွင်းရှိ ခရစ်တော်၏အသင်းတော် (မူရင်း) ဘုရားကျောင်း၌ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က နမ့်ထွမ်ကျေးရွာသည် ပူတာအိုမြို့နယ်အတွင်း နမ့်ထွမ်ခူးကျေးရွာသည် စိုက်ပျိုးရေးကိုလုပ်ကိုင်နေကြသူများဖြစ်သည့်အပြင် အဓိကအနေဖြင့် ရှာကောနှင့် အလေချီစိုက်ပျိုးလုပ်ကိုင်ကြသည်ကို တွေ့ရှိရပါကြောင်း၊ ယနေ့ မိုးစပါးအချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင်ရေး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ကို ပွင့်ပွင့်လင်းလင်းဆွေးနွေးတင်ပြကြစေလိုကြောင်း ပြောကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက နှုတ်ခွန်းဆက်စကားနှင့် ဝန်ကြီးဌာနအလိုက် တာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိ/ ရပ်ဖများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးလင်းရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များကို တင်ပြကြရာ ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့မှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာနေပြည်သူများအတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ်သိန်း ၃၀၀ နှင့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး VDP ရန်ပုံငွေကျပ်သိန်း ၁၅၀ ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများက Cash For Work စီမံကိန်းရန်ပုံငွေကျပ် သိန်း ၁၅၀ နှင့် ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ဆင်းဧကရီ-၃ အထွက်တိုးမျိုးစပါးအိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် ဆီမုန်ညှင်းစိုက်ပျိုးမည့် လယ်များအား ခြံဝန်းခတ်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိ/ရပ်ဖ များနှင့်အတူ ကျေးရွာဘောလုံးကွင်း ရေတိုက်စားခံရမှုဖြစ်ပေါ်ခဲ့သည့် အခြေအနေများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကမ်းထိန်းနံရံ တည်‌ဆောက်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေး၍ အမြန်ဆုံးတွက်ချက်တင်ပြနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပူတာအိုမြို့နယ် အောက်ဆန်ဂေါင်ကျေးရွာအနီးရှိ ပါတိတ်ချောင်းပေါ်တွင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ‌ရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်ထားသည့် ဆန်ဂေါင်ဆည်အထက် ရေဝင်လမ်းကြောင်းရှိ သဲနှုန်းများ ဖယ်ရှားတူးဖော်၍ ရေဝင်လမ်းကြောင်း အကျယ်ရရှိအောင် ဆောင်ရွက်ထားရှိမှု၊ လက်ယာဘက် ရေကူအဆောက်အအုံအနီး ရေတိုက်စားသည့် ချောင်းကမ်းပါးနေရာအား ကျောက်စီနံရံပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မာမဲ့ရှီးဒီကျေးရွာသို့ သွားရောက်ပြီး မိသားစုစီးပွားရေးအတွက် ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဦးဝါတာဆီး၏ ငါးကန်၌ ဒေသငါးမျိုးများ မွေးမြူထားရှိမှု အခြေအနေများကို လည်းကောင်း၊ ဦးဝူယော်ဆာ၏ နေအိမ်ခြံဝင်းအတွင်း စီးပွားဖြစ် ဒေသဝက်များ မွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကျေးရွာအတွင်း မွေးမြူရေးလုပ်ငန်းများ တိုးတက်လာစေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ချေးငွေများ မတည်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မွေးမြူ ရေးအထောက်အကူပြုဆေးဝါးများကို အခမဲ့ပေးအပ်ခဲ့သည်။

          ထို့နောက် ကျေးရွာဘုရားကျောင်း၌ လီဆူစာပေနှင့် ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ၊ ကျေးရွာ နေပြည်သူများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးနှင့်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက်နိုင်ရေးအတွက် မတည်ငွေများ ရင်းနှီးပေးနိုင်ရေး၊ လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ ဆူရိုးရာအကအဖွဲ့များအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ရာ လီဆူစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌကကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လီဆူတိုင်းရင်းသားရိုးရာထမင်းဟင်းခြင်းတောင်း(ဇာပါ)ကို ဂါဝရပြုပေး အပ်မှုကို လက်ခံရယူခဲ့သည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းက ပူတာအိုမြို့သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ လုံးစွတ်ရပ်ကွက်အတွင်း ဒေသထွက် သစ်သီးများဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် Putao Garden ရိုးရာစားသောက်ကုန်ဆိုင်၌ ဂရိတ်ဖုသီး ဝိုင်နှင့်ယို ထုတ်လုပ်ရောင်းချနေမှု အခြေအနေများနှင့် ဂရိတ်ဖုသီးကုန်ကြမ်းများ ဝယ်ယူစုဆောင်းထားရှိ မှုနှင့် ဝိုင်များ ထုတ်လုပ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ထုတ်ကုန်တိုးမြှင့်ထုတ် လုပ်နိုင်ရေး၊ ဈေးကွက်ချဲ့ထွင်နိုင်ရေး၊ အဆင့်အတန်းပြည့်မီသည့် ထုတ်ကုန်အဖြစ် ဖြန့်ဖြူးရောင်းချနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့မရပ်ကွက်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာနပိုင် မျိုးစေ့သိုလှောင်ရုံ၌ ပြည်နယ်အစိုးရအဖွဲ့က ပူတာအိုခရိုင်အတွင်းရှိ တောင်သူများအား ဖြန့်ဝေပေးနိုင်ရေး ဆင်းဧကရီ-၃ မျိုးစပါးမျိုးစေ့အိတ်များနှင့် သီးထပ်အတွက် ဆီမုန်ညှင်းမျိုးစေ့များ ရောက်ရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးက မျိုးစပါးများ လက်ခံရရှိမှု၊ မြို့နယ်အလိုက် ဖြန့်ဖြူးပေးနိုင်မှု အခြေအနေများ တင်ပြမှုအပေါ် ပြည်နယ် ဝန်ကြီးချုပ် အမြန်ဆုံးဖြန့်ဝေပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်သွားကြရေးနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။