ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသမီးU-19 ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ပဏာမအမျိုးသမီးဘောလုံး အသင်းအားကစားသမားများ၊ အုပ်ချုပ်၊ နည်းပြအဖွဲ့များအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား  ဇူလိူင် ၁၉
လာမည့် စက်တင်ဘာလအတွင်း ကျင်းပပြုလုပ်မည့် ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီးU-19 ဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်မည့် ကချင်ပြည်နယ်မှ ပဏာမရွေးချယ်ထား‌သော အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးအားကစားသမားများနှင့် အုပ်ချုပ်သူ၊ နည်းပြအဖွဲ့ဝင်များအား ဇူလိုင်လ ၁၉ ရက် နံနက်ပိုင်းက ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနအစည်းအဝေးခန်းမ၌    ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင် သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။
          ထိုသို့သွား‌ရောက်တွေ့ဆုံအားပေးရာတွင် ဦးစွာ ပြည်နယ်ဝန်ကြီးက ကချင်ပြည်နယ်အသင်းအတွက် ပဏာမရွေးချယ်ထားသော အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးအားကစားသမားများအား အဆိုပါပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ပဏာမအသင်းမှ အပြီးသတ် လက်ရွေးစင်အသင်းဖွဲ့စည်းသည်အထိ ပါရှိအောင် အစွမ်းကုန်ခြေစွမ်းပြ ကြိုးစားကစားကြရန် အားပေးစကားပြောကြားခဲ့သည်။
          ထို့နောက် ၂၀၂၆ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အမျိုးသမီး U-19 ဘောလုံးပြိုင်ပွဲအတွက် ပဏာမရွေးချယ်ထားသော အားကစားသမားများက တဦးချင်းမိတ်ဆက်ခဲ့ပြီး အသင်းအုပ်ချုပ်သူနှင့် နည်းပြများက ပြိုင်ပွဲအတွက်ကြိုတင်စခန်းသွင်းလေ့ကျင့်ပြင်ဆင်ခဲ့မှုအခြေအနေများနှင့် အောင်မြင်မှုရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့် အခြေအနေများကို ကတိပြုပြောကြားခဲ့ပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသီဟအောင်က ယခင်နှစ်ပြိုင်ပွဲများအတွင်း ပြည်နယ်လက်ရွေးစင် အသင်း၏အားနည်းချက် အားသာချက်များနှင့် ဌာနမှ အောင်မြင်မှုရရှိရေး ပံ့ပိုးကူညီလျက်ရှိသည့်အခြေအနေများကို ပြောကြားခဲ့ကာ  ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ဖြည့်ဆည်းပံ့ပိုးကူညီပေးခဲ့ကြောင်း သတင်းရရှိသည်။