ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ် ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဇူလိုင် ၁၈
          ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်သော တိုင်းရင်းသားမျိုးနွယ်စုများအားလုံး ရင်းနှီးချစ်ခင်မှု တိုးပွားစေပြီး ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ အချင်းချင်း စည်းလုံးညီညွတ်စွာ ဖြင့် ပူးပေါင်းဆောင်ရွက်လာစေရေး ရည်ရွယ်၍ ၂၀၂၆ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား တိုင်းရင်းသား မျိုးနွယ်စုပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲက ပြည်နယ်ဘောလုံးကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။
          အဆိုပါ ဖွင့်ပွဲ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အသင်းများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဘောလုံးအသင်းများနှင့် ဘင်ခရာအဖွဲ့တို့က ဘောလုံးကွင်းအတွင်း သတ်မှတ်နေရာအသီးသီး၌ နေရာယူကြသည်။
          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကျင်းပပြုလုပ်သော ပြိုင်ပွဲကို သာမာန်အားကစားပြိုင် တစ်ခုအဖြစ် မမြင်ဘဲ ကောင်းမွန်သည့် ရည်ရွယ်ချက်များနှင့် ထူးခြားလေးနက်သည့် အဓိပ္ပါယ်များဖြင့် ကျင်းပပြုလုပ်ကြောင်းကို သိရှိနားလည် သဘောပေါက်ကြပြီး အမျိုးသားရေးအသိဖြင့် ဝိုင်းဝန်းပူးပေါင်း ကြကာ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပပြီးစီးရေး အချင်းချင်း စည်းလုံးချစ်ခင်စွာဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိ သရွေ့အောင်မြင်အောင် ကြိုးစားကြရရန် လိုကြောင်း တိုက်တွန်းမှာကြား၍ တိုင်းရင်းသားမျိုးနွယ်စု ပေါင်းစုံဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးရာ ကွင်းအတွင်းရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုး တိုးတက်ရေးသင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူလေးများက မိုးပျံပူးပေါင်းများ လွှတ်တင် ပေးကြသည်။
          ထို့နောက် ပြိုင်ပွဲဝင် ဂျိမ်းဖော၊ လော်ဝေါ်၊ လာချိဒ်၊ ဇိုင်းဝါး၊ လီဆူ၊ ရဝမ်စသည့် ကချင်မျိုးနွယ်စု (၆)မျိုး၊ တိုင်းလုံ၊ တိုင်းလိုင်၊ တိုင်းခမ်းတီ၊ တိုင်းလေ၊ တိုင်းဆာ စသည့် ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာ၊ ရခိုင်၊ ကရင်၊ ချင်း၊ နာဂ စသည့် တိုင်းရင်းမျိုးနွယ်စုကိုယ်စားပြုဘောလုံးအသင်း (၁၆)သင်းတို့အား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ဘောလုံးများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဖွင့်ပွဲအထိမ်းအမှတ် တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ရိုးရာတေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          ယင်းနောက် အဖွင့်ပွဲစဉ်အဖြစ် ဇိုင်းဝါးမျိုးနွယ်စုအသင်းနှင့် တိုင်းလေမျိုးနွယ်စုအသင်းတို့၏ ယှဉ် ပြိုင်ကစားမှုကို တိုင်းရင်းသားမျိုးနွယ်စုများ၊ ဘောလုံးအားကစားဝါသနာရှင်များ၊ သူနာပြု-သားဖွားနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
          အဆိုပါ ဘောလုံးပြိုင်ပွဲကို ယခင်က တိုင်းရင်းသားရေးရာဝန်ကြီး ဖလားအဖြစ် ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုး၊ ဗမာတိုင်းရင်းသားတို့ပါဝင်သည့် ပြိုင်ပွဲဝင်အသင်း (၁၂)သင်းဖြင့်သာ  နှစ်စဉ် ကျင်းပပြုလုပ်ခဲ့ကြသော်လည်း ယခုအခါ ပြည်နယ်ဝန်ကြီးချုပ်ဖလားအဖြစ် တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးနှင့် ဒေသတည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ ကချင်မျိုးနွယ်စု (၆)မျိုး၊ ရှမ်းမျိုးနွယ်စု (၅)မျိုးနှင့် ဗမာတိုင်းရင်းသားတို့အပြင် ကရင်၊ ရခိုင်၊ ချင်းနှင့် နာဂတိုင်းရင်းသား မျိုးနွယ်စုများပါ ပါဝင်လာခဲ့သဖြင့် စုစုပေါင်းပြိုင်ပွဲ ၁၆ သင်းဖြင့် ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။