ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     သြဂုတ် ၂၂

           ကချင်ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနား တက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ပြည်နယ်အစိုးရဖွဲ့ရုံး၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်း သီးထပ်စွမ်းအား တိုးမြှင့်စိုက်ပျိုးနိုင်ရေး ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆွေးနွေးပွဲများကို သြဂုတ် ၂၂ ရက် နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          ရှေးဦးစွာ နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ် ဗဟိုခန်းမ၌ ပြည်နယ်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့က ဦးဆောင်ကျင်းပသည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင် ရာ အသိပညာပေးဟောပြောပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားပျက်ယွင်းခြင်းပင် ဖြစ်ပါကြောင်း၊ “အဂတိဖယ်ခွာပြည်သာယာ” ဆိုသည့် ဆောင်ပုဒ် နှင့်အညီ လူ့အဖွဲ့အစည်းအတွင်း အဂတိကင်းစင်စေရန် နိုင်ငံဝန်ထမ်းများ၊ ပြည်သူ့ဝန်ထမ်းများ သာမက အများပြည်သူနှင့်သက်ဆိုင်သည့်အတွက် အားလုံးက ပါဝင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ဟောပြောပွဲမှ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အဂတိလိုက်စားမှုနှင့် ပတ်သက်သည့် အသိပညာရရှိနိုင်မည်ဖြစ်သကဲ့သို့ အဂတိလိုက်စားမှုပပျောက်ရေးလုပ်ငန်းစဉ်များ တွင်လည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက ဟောပြောပွဲနှင့် စပ်လျဉ်း၍ ကျောင်းသား/ ကျောင်းသူများ လိုက်နာမှတ်သားသင့်သည်များနှင့် ရရှိနိုင်သည့် အကျိုး ကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်၊ ပြည်နယ် အစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးနေထွန်းအောင်က အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အခြေအနေ များနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို လည်းကောင်း၊ အဖွဲ့ဝင် ပြည်နယ်ဥပဒေအရာရှိက အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပါ အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိသင့်သိထိုက်သည်များကိုလည်းကောင်း တက္ကသိုလ်ဆရာ/ဆရာမများနှင့်ကျောင်းသား/ ကျောင်းသူများအား ဆွေးနွေးဟောပြောပေးခဲ့ကြပြီး မေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေး ပေးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်အတွင်း သီးထပ်စွမ်းအားတိုးမြှင့်စိုက်ပျိုးနိုင်ရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ စိုက်ပျိုးစွမ်းအားတိုးတက်မြှင့်မားလာစေရေးအတွက် လယ်ယာမြေ များတွင် မိုးစပါး၊ နွေးစပါး၊ ဆီထွက်သီးနှံများအပြင် တစ်နှစ်လျှင် နှစ်သီးမှ သုံးသီး စိုက်ပျိုးထုတ်လုပ် နိုင်ရေး တောင်သူများအား တွန်းအားပေးဆောင်ရွက်သွားရမည်ဖြစ်သကဲ့သို့ လိုအပ်သည့် ရေအရင်း အမြစ်၊ သွင်းအားစုများနှင့် စိုက်ပျိုးနည်းပညာများကို မိမိတို့အနေဖြင့် ဖြည့်ဆည်းပေးရမည်ဖြစ် ပါကြောင်း၊ သို့ဖြစ်ပါ၍ ယခုနှစ် မိုးစပါးအပြီး သီးထပ်သီးညှပ်များ အချိန်မီစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင် အထွက်နှုန်းရရှိရေး မဖြစ်မနေအလေးထားအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဘဏ္ဍာငွေခွဲဝေ သုံးစွဲနိုင်ရေးသည် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်းဆွေးနွေးကြရန် လိုကြောင်း တိုက်တွန်းမှာကြာသည်။

ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက အမှန်တကယ်စိုက်ပျိုးအကောင် အထည်ဖော်နိုင်မည့် မြေယာအရေအတွက်နှင့် သီးထပ်စိုက်ပျိုးနိုင်မှုအခြေအနေများကို စနစ်တကျ စီမံချက်ရေးဆွဲပြီး ဌာနဆိုင်ရာအချင်းချင်း ပေါင်းစပ်၍ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့်အညီ ရေးဆွဲ တင်ပြနိုင်ရေး ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ယခုနှစ်အတွင်း မိုးစပါးစိုက်ဧက ငါးသိန်းလျာထားစိုက်ပျိုးနေမှု အခြေအနေအပေါ် သီးထပ်စိုက်ပျိုး နိုင်သည့် လယ်ယာမြေအခြေအနေများ၊ ရိုးပြတ်ကျန်လယ်မြေများနှင့် ဒုတိယသီးနှံစိုက်ပျိုးခြင်းမရှိ သည့် ကျေးရွာများကို ရွေးချယ်၍ စံပြစိုက်ကွက်များအဖြစ်  နှစ်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံချက် ရေးဆွဲဆောင်ရွက်သွားမည့် အစီအစဉ်များ၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ လုံလောက်စွာ ဖြည့်ဆည်း ပေးနိုင်ရေးနှင့် ရန်ပုံငွေသုံးစွဲမှုများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့်အညီ နှစ်အလိုက် လျာထား ရေးဆွဲနိုင်ရေး စသည်တို့ကို အသီးသီး တင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ်  ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်အတွင်း မြို့နယ်ပေါင်း (၇) မြို့နယ်မှ မိုးစပါးစံပြစိုက်ကွက်ဧရိယာဧက ၁၀၀၀ ကျော်တွင် မိုးစပါးအပြီး ဆောင်းရာသီဒုတိယသီးနှံ အကွက်ကျယ် စံပြစိုက်ကွက်များအဖြစ် သီးထပ်သီးညှပ်များတိုးချဲ့ စိုက်ပျိုးနိုင်ရေး လျာထားဆောင် ရွက်သွားရန်နှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။