ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်ခြင်းမှ ကြိုတင်ကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီကာခြင်း အလျား (၅၉၀၀)ပေအား အများပြည်သူပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် စတင်တည်‌ဆောက်နိုင်ရေး ပန္နက်ရိုက်တင်ပေး၊ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်အားပေး

မြစ်ကြီးနား မတ် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ရေကာတာ၊ ‌ရေတားတမံများ တည်ဆောက်၍ ကြိုတင်ကာကွယ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ရေလျှံတားအုတ်ရိုးစီကာခြင်း အလျား (၅၉၀၀)ပေအား အများပြည်သူ ပူးပေါင်းပါဝင်လှူဒါန်းမှုဖြင့် လုပ်ငန်းစတင်တည်ဆောက်နိုင် ရေးပန္နက်တင်မင်္ဂလာအခမ်းအနားနှင့် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်စည်ပင်သာယာရုံး ဘေး၊ ကမ်းနားလမ်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။


ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၄ ခုနှစ်အတွင်း ဧရာဝတီမြစ်ရေ ကြီးမြင့်တက်ခဲ့မှုကြောင့် မြစ်ကြီးနားမြို့၏ ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်ကာ စိုက်ပျိုးသီးနှံ၊ လူနေအိမ်များ၊ ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် စားသုံးကုန်ပိုင်ဆိုင်မှုပစ္စည်းများ တန်ဖိုးအားဖြင့် ဘီလီယံပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရကာ ပြည်သူများ ရေဘေးသင့်မှုကို ကြုံတွေ့ခံစားခဲ့ရပါကြောင်း၊ မြစ်ရေမြင့်တက်မှုမှ ကာကွယ်နိုင်ရေးအတွက် ရေတားတမံ၊ ရေကာတာများကို ပြည်ထောင်စုနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် တည်ဆောက်သွားမည့် အပိုင်းများရှိနေသကဲ့သို့ မိမိတို့ မြို့၊ မိမိတို့ရပ်/ရွာ၊ မိမိတို့ ဆွေမျိုးသားချင်း ညီအကိုများအတွက် မိမိတို့တတ်နိုင်သည့်ဘက်မှ ယခုလိုစည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ပေးကြသူများအားလုံးကို ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြား သည်။


ထို့နောက် ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန် ကြားရေးမှူး ဦးစိန်လွင်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပညာရှင်များဖြင့် ကနဦးကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့မှုများ၊ နေပြည်တော် အလုပ်ရုံဆွေးနွေးပွဲ တွင် တင်ပြအစီအရင်ခံခဲ့မှုများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားမှုပြုခဲ့သည့် အချိန်ကာလအပိုင်းအခြားအတွင်း အကောင်အထည်ဖော်နိုင်သော လက်တွေ့နှင့်လိုက်လျောညီထွေဖြစ် စေသော လုပ်ငန်း ၃ ခုအား ပြည်ထောင်စု/ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေတို့ဖြင့် တည်ဆောက်သွားမည့် အစီအစဉ်များနှင့် အများပူးပေါင်းပါဝင်မှုဖြင့် စည်ပင်ရုံးမှ အင်ဂျန်းခချောင်းနေရာအထိ ဆောင်ရွက်ပြီး ကမ်းထိန်းနံရံပေါ်တွင် မြစ်ရေအမှတ် ၁၄၅၀ စင်တီမီတာအထိ ကာကွယ်နိုင်ရေး တည်ဆောက်သွားမည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးလမိုင်ခွန်ဂျာ၊ မြန်မာနိုင်ငံကချင်လူမျိုး ရိုးရာယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်မိုးနော်နှင့် ပြည်နယ်စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်သူရတို့က သတ်မှတ်နေရာအသီးသီး၌ ပန္နက်ရိုက်တင်ပေးကြပြီး အမွှေးနံသာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။

ယင်းနောက် အဆိုပါမြို့မရပ်ကွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ စီတာပူရပ်ကွက် အင်ဂျန်းခချောင်းနေရာအထိ တည်ဆောက်ပြီးစီးခဲ့သည့် ကျောက်စီရေးထိန်းနံရံပေါ်တွင် ဧရာတီမြစ်ရေမြင့်တက်လာပါက စိုးရိမ်ရေမှတ်၁၂၀၀စင်တီမီတာအထက် ၁၄၅၀စင်တီမီတာအထိကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီကာရံခြင်း ၅၉၀၀ ပေ တည်ဆောက်နိုင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၁၀၀ အပါအဝင် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းစီတို့က စုစုပေါင်းငွေကျပ်သိန်းပေါင်း ၂၈၉၅ သိန်းကို အသီးသီးပေးအပ်လှူဒါန်းကြရာ ဘဏ္ဍာငွေရှာဖွေရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးမျိုးဆွေက လက်ရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့သည်။


အဆိုပါ မြစ်ကြီးနားမြို့အား ဧရာဝတီမြစ်ရေမြင့်တက်မှုမှ ကာကွယ်နိုင်ရေးအတွက် ဧရာဝတီမြစ်နှင့်ထိစပ်လျက်ရှိသော မြို့ဧရိယာ ၁၇ မိုင်ကျော်အတွင်း လုပ်ငန်းစီမံကိန်းအလိုက် ရေလျှံတားနံရံ၊ ကျောက်စီရေထိန်းတမံ၊ ရေထိန်းတံခါးများနှင့် မြစ်ကြောင်းဖွံ့ဖြိုးရေးအတွက် သောင်တူးဖော်ခြင်း လုပ်ငန်းများကို အပိုင်း (၆)ပိုင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ကနဦးအစီအစဉ်အဖြစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ညွှန်ကြားမှုပြုခဲ့သော အစီအမံလုပ်ငန်း (၃)ခုဖြစ်သည့် ရေထိန်းတံခါး (၅)ခု တည်ဆောက်ခြင်းလုပ်ငန်း၊ ဧရာဝတီမြစ်ရေလမ်းဖွံ့ဖြိုးရေးအတွက် သောင် (၂)ခုတူးဖော်ခြင်း လုပ်ငန်းများနှင့်မြေသားတမံအလျား (၁၃၇၈၀) တည်ဆောက်ခြင်းလုပ်ငန်းနှင့် ကျောက်စီမြေထိန်းတမံ အလျားပေ (၁၀၀၀၀) တည်ဆောက်ခြင်းလုပ်ငန်းတို့အား ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှ စတင်၍ ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


ထို့မှတစ်ဆင့် မြစ်ကြီးနားမြို့ ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး‌ဒေါ်နန်ဆိုင်း၊ပြည်နယ်တရားလွှတ်တော်ရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့် တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို အမှတ်(၁) မူလတန်းကြို ကျောင်း ကလေးငယ်များက တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့၏ “တန်းတူအခွင့်အရေးရရှိဖို့ အမျိုး သမီးများ စွမ်းရည်မြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများနှင့် အမျိုးသမီးငယ်ရွယ်သူများ၏ အခွင့်အရေးများကို တန်းတူညီမျှရရှိစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးအတွက် မိမိတို့အားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမီး၊ အမျိုးသားအားလုံး တွဲလက်ညီညီဖြင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရာတွင် ကဏ္ဍစုံမှပူးပေါင်းပါဝင်နိုင်ရေး တစ်ဦးချင်းစီမှသည် မိသားစုအတွင်း၊ ရပ်ရွာအတွင်း၊ နိုင်ငံအတွင်းဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရန်မည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။


ထို့နောက် မူကြိုကလေးငယ်များ၏ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ UN Massage Video နှင့် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ်များ ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အမျိုးသမီး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီးတို့က ဖျော်ဖြေရေးအဖွဲ့မှ ကလေးငယ်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အား ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားမြို့နေ တရုတ်အမျိုးသမီးရေးရာအဖွဲ့က ဦးဆောင်၍ မြစ်ကြီးနားမြို့ ယူနန်ဘုံကျောင်း၌ ကျင်းပပြုလုပ်သော ပျော်ပွဲရွှင်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။


ဆက်လက်၍ တရုတ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး အထိမ်းအမှတ်အခမ်းအနားအတွက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် တရုတ်အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌတို့က ဂုဏ်ပြုကိတ်ကို အတူတကွ ခွဲပေးခဲ့ကြကာ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ဖျော်ဖြေရေးဖွဲ့ (၁၁)ဖွဲ့အတွက် ချီးမြှင့်ငွေကျပ် ၂၂ သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။