မြစ်ကြီးနား အောက်တိုဘာ ၅
“ပညာရပ်များပေါင်းစုဖွဲ့လို့ သင်ကြားရေးအသွင်သစ်ကို ဖော်ဆောင်စို့” ဆောင်ပုဒ်ဖြင့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ကျင်းပရာ အခမ်းအနားကို ကျောင်းသား/ ကျောင်းသူလေးများက “မြတ်ဆရာသခင် ကန်တော့ပန်းဆင်” ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြ သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့လာသည့် သဝဏ်လွှာကို ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဖတ်ကြားခဲ့သည်။
ထို့နောက် မြစ်ကြီးနားမြို့ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက “ခိုင်မာလာနှင်းဆီ” သီချင်းဖြင့် ကပြဖျော်ဖြေမှုကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် နိုင်ငံတော်အဆင့် ထူးချွန်ဆရာဆုရရှိသော အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်ရှန်၏ လုပ်ငန်းစွမ်းဆောင်မှု မှတ်တမ်းဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသမှုကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသော ကျောင်းသား/ ကျောင်းသူ များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်း ကောင်း၊ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးအများဆုံးရရှိအောင် သင်ကြားပေးသော ကျောင်းများနှင့် အောင်ချက်အကောင်းဆုံးကျောင်းများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ အငြိမ်းစား ဆရာ/ ဆရာမကြီးများအတွက် ဂါရဝပြုလှူဒါန်းငွေကျပ်သိန်း (၅၀)ကိုလည်းကောင်း၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေပေးခဲ့ကြသော ကျောင်းသား/ကျောင်းသူလေးများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း တာဝန်ရှိသူများထံ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်သို့ တက်ရောက်ချီးမြှင့်ပေးကြသော ပူဇော်ကန်တော့ခံ အငြိမ်းစား ဆရာကြီး/ ဆရာမကြီးများအား ငွေသားနှင့် လက်ဆောင်ပစ္စည်းများကို လိုက်လံ ဂါရဝပြုပေးအပ်ရာ ကန်တော့ခံ ဆရာကြီး/ ဆရာမကြီးများကိုယ်စား အငြိမ်းစားဆရာမကြီး ဒေါ်ခင်သန်းနွဲ့က ကျေးဇူးတင် ဆုတောင်းမေတ္တာပို့သစကား ပြန်လည်ပြောကြားခဲ့ပြီး အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူလေးများက တိုင်းရင်းသားရိုးရာ တေးသီချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။





