ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗန်းမော်ခရိုင်အတွင်းမှ ယာယီတိမ်းရှောင်မိသားစုများအား ဆန်နှင့် စားသောက်ကုန်များထောက်ပံ့

မြစ်ကြီးနား   အောက်တိုဘာ ၄

         ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ဗန်းမော်ခရိုင်အတွင်းရှိ မြို့နယ်များမှ ယာယီတိမ်းရှောင်၍ ရမ်ပူရပ်ကွက်အတွင်း ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၃ နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ (ရမ်ပူ-၁)၌ သွားရောက်တွေ့ဆုံအားပေးထောက်ပံ့သည်။

          ထိုသို့ တွေ့ဆုံစဉ် စခန်းတာဝန်ခံတစ်ဦးက အမှတ်(၂ နှင့် ၃) စခန်းများအတွင်း နေထိုင်စားသောက်မှုဆိုင်ရာလိုအပ် ချက်များနှင့် စပ်လျဉ်း၍တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရမ်ပူရပ်ကွက် အီဒါကွင်း စခန်း (၂)နှင့် (၃)မှ ယာယီတိမ်းရှောင် အိမ်ထောင်စု (၁၄၄)စုတို့အတွက် ဆန် (၂၄) ပြည်ပါအိတ် (၁၄၄)အိတ်၊ ဆီ (၁၄၄) ပိဿာနှင့် ကြက်ဥ (၄၃၂၀)လုံးတို့အား စခန်းမိသားစုများထံ ထောက်ပံ့ပေးအပ်သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်း နယ်မြေအခြေအနေအရ တိမ်းရှောင်လာသော မိသားစုများအား သက်ဆိုင်ရာနေရာအသီးသီး၌ နေထိုင်စားသောက်မှုအဆင်ပြေစေရေး၊ အမိုးအကာဖြင့် လုံခြုံစွာနေထိုင်နိုင်‌ရေးအတွက် အတတ်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါတွင် မိသားစုများ စားသောက်မှုအဆင်ပြေစေရေးအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အဆက်မပြတ် ထောက်ပံ့ပေးနိုင်ရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မိသားစုများအနေဖြင့် နေရပ်ပြန်နိုင်ရေးနှင့် တည်ငြိမ်းအေးချမ်းရေးအတွက် ဝိုင်းဝန်းကြိုးစားကြရမည်ဖြစ်ကြောင်း အားပေးပြောကြားကာ အိမ်ထောင်စုများအတွက် ရေချိုးခန်းတည်ဆောက်နိုင်ရေးနှင့် ရေအိမ်သာတို့အတွက် ထောက်ပံ့ငွေကျပ်သိန်း ၃၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။