ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ ဆွတ်ငိုင်တောင်နှင့် သီတာအေးဘုန်းတော်ကြီးကျောင်းတို့ရှိ ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်စားသောက်မှု အဆင်ပြေစေရေး သွား‌ရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၂

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့ပေါ်တွင် လာရောက်တိမ်းရှောင်ခိုလှုံနေထိုင်လျက်ရှိသော ပြည်သူများအား နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်ပံ့ပိုးထောက်ပံ့ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ဆွတ်ငိုင်တော်ယာယီတိမ်းရှောင်စခန်းနှင့် သီတာအေးဘုန်းတော်ကြီးကျောင်း၌ ခိုလှုံနေထိုင်လျက်ရှိသော မိသားစုများအား သွားရောက်တွေ့ဆုံ အားပေးသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်းရှိ ဆွတ်ငိုင်တော်ယာယီ တိမ်းရှောင်စခန်း၌ ဖားကန့်မြို့နယ် ရှရော်ခကျေးရွာမှ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၁၁၀ တို့နှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး စခန်းတာဝန်ခံက စခန်းနေမိသားစုများ၏ နေထိုင်စားသောက်မှုအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စု များအနေဖြင့် စိတ်အားငယ်မှုမဖြစ်ကြဘဲ ပျော်ရွှင်စွာနေထိုင်ကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နေထိုင်မှုအဆင်ပြေစေရေးနှင့် စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ်ပံ့ပိုးဆောင်ရွက်ပေးနေသကဲ့သို့ နိုင်ငံတော်မှလည်း တစ်ဦးလျင်ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် လစဉ်ထောက်ပံ့ပေးလျက်ရှိပါကြောင်း အားပေးပြောကြားပြီး အိမ်ထောင်စုများ၏ ယာယီနေအိမ်တန်းလျားများ ပြင်ဆင်တည်ဆောက်နိုင်ရေး ဝါးအလုံး ၅၀၀အတွက် ငွေကျပ် ၅၅ သိန်းနှင့် မိုးကာလိပ် ၁၂ ဝယ်ယူရန်အတွက် ငွေကျပ် ၄၈ သိန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀၃ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထိုမှတစ်ဆင့် စီတာပူရပ်ကွက်အတွင်းရှိ သီတာအေးဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ဘုန်းတော်ကြီးကျောင်း၌ ဝိုင်းမော်မြို့နယ် အင်းလေးကျေးရွာနှင့် တာလောကြီးကျေးရွာတို့မှ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စု ၅ စုအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ မိသားစုဝင်များ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ဆေးဝါးများထောက်ပံ့ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ မိုးမကျမီ နေအိမ်များ ပြင်ဆင်တည်ဆောက်နိုင်ရေးအတွက် ဝါးနှင့်မိုးကာလိပ်များ ဝယ်ယူရန်အတွက် ငွေကျပ် ၁၁ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။