မြစ်ကြီးနား မတ် ၁၉
(၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ပြည်နယ်လမ်းဦးစီးဌာနက တာဝန်ယူဆောင်ရွက်ပြီးစီးခဲ့သော မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်း (ဗလမင်းထင်-နန့်မြစ်ခ)လမ်းပိုင်း ကတ္တရာကွန်ကရစ် (AC)လမ်းသစ်ကို ဝိုင်းမော်မြို့နယ်၊ နောင်တာလောကျေးရွာအတွင်း အဆိုပါလမ်းသစ်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လမ်းသစ်ဖွင့်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ဖွင့်လှစ်သည့် မန္တလေး-လားရှိုး- ဗန်းမော်-မြစ်ကြီးနားလမ်း (ဗလမင်းထင်-နန့်မြစ်ခ)လမ်းပိုင်းသည် နောင်တာလောကျေးရွာအတွင်း ဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းမကြီးကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ဝိုင်းမော်မှ မြစ်ကြီးနားသို့ မော်တော်ယာဉ်အများဆုံးသွားလာသည့် လမ်းပိုင်းတစ်ခုဖြစ်သည့်အတွက် ကုန်စည်စီးဆင်းမှုပိုမိုမြန်ဆန်ပြီး ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝပိုမိုဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ပါကြောင်းပြောကြားသည်။
ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်မိုးဦးက မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်း (ကချင်ပြည်နယ်အတွင်း)နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ယနေ့ဖွင့်လှစ်သည့် လမ်းပိုင်းအခြေအနေများနှင့်စပ်လျဉ်း၍ တည်ဆောက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး နောင်တာလောကျေးရွာနေ ဒေသခံပြည်သူတစ်ဦးက လမ်းပိုင်းပြုပြင်၍ အသစ်ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးကြောင်း ပြန်လည်ပြောကြားသည်။
ယင်းနောက် လမ်းသစ်အား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ တပ်နယ်မှူး၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)တို့က လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းသစ်ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြကာ လမ်းသစ်အားဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ဗန်းမော်ခရိုင်၊ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များမှ နယ်မြေအခြေအနေအရ ထွက်ပြေးတိမ်းရှောင်ပြီး မြစ်ကြီးနားမြို့၌ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် ဌာနဆိုင်ရာများအား ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဗန်းမော်ခရိုင်၊ ဗန်းမော်၊ မိုးမောက်၊ မံစီမြို့နယ်များမှ မြစ်ကြီးနားမြို့ပေါ်ရှိ ဆွေမျိုးနေအိမ်များ၊ ယာယီတိမ်းရှောင်စခန်းများနှင့် အဆိုပါစခန်းများနှင့် ဆွေမျိုးနေအိမ်များတွင် နေထိုင်လျက်ရှိသော ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ စုစုပေါင်းအိမ်ထောင်စု(၃၅၁၇)စုတို့အတွက် ငွေကျပ်စုစုပေါင်း ၅၀၁၉၃၁၀၀ တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါအိတ် စုစုပေါင်း ၁၈၅၉ အိတ်ကို ထောက်ပံ့ပေးအပ်ရာ ယာယီတိမ်းရှောင်မိသားစုများနှင့် ဌာနဆိုင်ရာများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကားနှင့်လိုအပ်ချက်များကို တင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း နယ်မြေအခြေအနေအရ ထွက်ပြေးတိမ်းရှောင်နေထိုင်လျက်ရှိသော ယာယီတိမ်းရှောင်စခန်းများနှင့် မည်သည့်နေရာတွင် နေထိုင်သည်မဆို နေထိုင်စားသောက်ရေးအတွက် အခြေခံလိုအပ်ချက်များကို စဉ်ဆက်မပြတ်ပံ့ပိုးကူညီထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း လစဉ်လူတစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀နှုန်း ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ အစိုးရအသစ်နှင့် လွှတ်တော်အသီးသီးပေါ်ပေါက်လာပြီး ဒေသတည်ငြိမ်းအေးချမ်းရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အားပေးပြောကြားခဲ့ပြီး အိမ်ထောင်စုများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးကာ အခမ်းအနား တက်ရောက်လာကြသော အိမ်ထောင်စုများသွားလာစရိတ်အနေဖြင့် ငွေကျပ် ၇၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ၂၀၂၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို နှစ်စဉ်မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးနှင့် ပြည်သူများ လွတ်လပ်ပေါ့ပါးစွာ၊ အေးချမ်းစွာပါဝင်ဆင်နွှဲနိုင်ရေး မိမိတို့အနေဖြင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား မိရိုးဖလာရိုးရာယဉ်ကျေးမှုနှင့်အညီ အနှစ်သာရရှိရှိ စီမံကျင်းပပြုလုပ်သွားရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ဖွင့်ပွဲ/ ပိတ်ပွဲ၊ လမ်းလျှောက်သင်္ကြန်နှင့် သက်ကြီးပူဇော်ပွဲ၊ ဇီဝိတဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော် နာယူပွဲများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဆပ်ကော်မတီအလိုက် ဆောင်ရွက်သွားမည့်အစီအစဉ်များနှင့် လိုအပ်ချက်များကို အသီးသီးတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ အကြံပြုသုံးသပ်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ယခုနှစ်သင်္ကြန်ပွဲတော်အား ရိုးရာအစဉ်အလာမပျက် ဓလေ့ထုံးစံနှင့်အညီ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။





