ကချင်ပြည်နယ်အစိုးရဖွဲ့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း လယ်သီးထပ် ပဲပုပ်ခင်းရွက်ဖျန်း မြေသြဇာဖျန်းခြင်း၊ နေကြာသီးနှံပျားဖြင့် ဝတ်မှုန်ကူးခြင်း၊ ထယ်ရေးမဲ့ စပါးရိုးပြတ်ရိတ်ဖုံးစနစ်ဖြင့် စိုက်ပျိုးသည့် ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများ နှင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားသို့ တက်ရောက်၊ အားကစားနည်းအလိုက် စခန်းသွင်း သွင်းလေ့ကျင့်နေမှုအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား     မတ် ၂၁

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း မိုးစပါးအပြီး လယ်သီးထပ် နေကြာ၊ ပဲပုပ်များ စိုက်ပျိုးထားရှိပြီး လယ်သီးထပ် ပဲပုပ်ခင်းမြေသြဇာဖျန်းခြင်း၊ နေကြာသီးနှံ ပျားဖြင့် ဝတ်မှုန်ကူးခြင်း၊ ထယ်ရေးမဲ့ စပါးရိုးပြတ်ရိတ်ဖုံးစနစ်ဖြင့် စိုက်ပျိုးသည့် ပဲပုပ်ခင်း၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲများနှင့် လယ်သီးထပ်အတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားများကို အဆိုပါ စံပြစိုက်ခင်းအတွင်း ယနေ့ နံနက်ပိုင်းက ကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာ လယ်သီးထပ်အတွက် ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် စိုက်ပျိုးစရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က စိုက်ပျိုးသီးနှံများ အထွက်တိုးပြီး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစနစ်များအပြင် သွင်းအားစုကလည်း အရေးကြီးကဏ္ဍတွင် ပါဝင်နေသည့် အတွက် အချိန်ကိုက်၊ အချိုးမှန်စွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးသည် အရေးကြီးပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူဦးကြီးများအနေဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များကို နည်းစနစ်တကျ မှန်ကန်စွာ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် ပန်းတိုင်အထွက်နှုန်းရရှိပြီး စိုက်ပျိုးမှုကုန်ကျစရိတ်လျော့နည်းပြီး စီးပွားဖြစ်ထွန်းလာမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ကွင်းအတွင်းလယ်သီးထပ်ဆောင်းသီးနှံ စိုက်ပျိုးကြသည့် တောင်သူ(၁၂)ဦးတို့၏ လယ်ဧက(၃၇ ဒဿမ ၅၀)ဧကတို့အတွက် တောင်သူတစ်ဦးချင်း၏ စိုက်ပျိုးဧကအလိုက် တစ်ဧကလျှင် (၁)သိန်းနှုန်းဖြင့်လည်းကောင်း၊ သဘာဝမြေသြဇာအိတ်များ၊ ရွက်ဖျန်းမြေသြဇာ၊ ပဲပုပ်မျိုးစေ့များနှင့် နေကြာမျိုးစေ့အိတ်များကိုလည်းကောင်း တောင်သူများထံ အသီးသီးပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် တောင်သူများနှင့်အတူ လယ်သီးထပ် ဆီထွက်သီးနှံ နေကြာ (ရေဆင်း-၁)စပ်မျိုး အထွက်တိုးစိုက်နည်းစနစ် စံပြစိုက်ခင်းအတွင်း ပျားဖြင့် ဝတ်မှုန်ကူးခြင်း လုပ်ငန်းဆောင်ရွက်စေခြင်းဖြင့် အထွက်နှုန်းတိုးပွားပြီး ဂေဟစီးပွား အကျိုးဖြစ်ထွန်း စေမှုအပေါ် လက်တွေ့သရုပ်ပြသမှုလည်းကောင်း၊ လယ်သီးထပ် ဆောင်းပဲပုပ်စံပြစိုက်ခင်းအတွင်း သီးနှံအထွက်နှုန်းနှင့်သီးနှံအရည်အသွေးမြှင့်တင်နိုင်ရေး ရွက်ဖျန်းမြေသြဇာပက်ဖျန်းခြင်း ကွင်းသရုပ်ပြသနေမှုကိုလည်းကောင်း၊ တောင်သူများ စိုက်ပျိုးစရိတ်ကုန်ကျမှု သက်သာစေသည့် မိုးစပါးအပြီး ရိုးပြတ်ကျန်လယ်များတွင် ရိုးပြတ်ရိတ်ဖုံးနည်းစနစ်ဖြင့် စိုက်ပျိုးထားလယ်သီးထပ်ဆောင်းပဲပုပ်ပင်များ ဖြစ်ထွန်းအောင်မြင်မှုကို လည်းကောင်း၊ လယ်များအတွင်း မြေဆီလွှာအာဟာရ ပြန်လည်ဖြည့်တင်းရေးနှင့် မြေဆီလွှာရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လယ်ထွန်စက်ဖြင့် ထွန်ယက်၍ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့များ ကြဲပက်စိုက်ပျိုးခြင်း တောင်သူအသိပညာပေး ကွင်းသရုပ်ပြသမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ပြည်နယ်သစ်တောဦးစီးဌာနက ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က သစ်တောသယံဇာတပေါကြွယ်ဝမှုနှင့် နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးသည် တိုက်ရိုက်ဆက်စပ်နေပြီး သစ်တောဖုံးလွှမ်းမှု တိုးပွားလာသည်နှင့်အမျှ ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို အနာဂတ်အတွက် အရေးကြီးသော ရင်းနှီးမြှုပ်နှံမှုအဖြစ် သတ်မှတ်ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ သစ်တောဖုံးလွှမ်းမှု ပိုမိုတိုးတက်ကောင်းမွန်းလာစေရေး သစ်တောသစ်ပင်စိုက်ပျိုးထိန်းသိမ်းရေး လုပ်ငန်းများတွင် အစိုးရ၊ ပုဂ္ဂလိက၊ ဒေသခံပြည်သူများအားလုံး တက်ကြွစွာ ပူးပေါင်းပါဝင်ခြင်းဖြင့် မိမိတို့နိုင်ငံ သစ်တောဖုံးလွှမ်းမှုများတိုးပွားလာပြီးနိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက် အကူပြုလာနိုင်ရေး ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။

          ထို့နောက် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်သစ်တောဦးစီးဌာနမှူးက သစ်တောများနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ ကချင်ပြည်နယ်အတွင်း သစ်တောဖုံးလွှမ်းမှု ဧရိယာများ ပိုမိုမြင့်မားလာစေရေး ‌ဆောင်ရွက်ချက်များကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများက ခန်းမအတွင်း ပြသထားသည့် သစ်တောနှင့်သက်ဆိုင်သည့် သိသင့်သိထိုက်သည်များ ပါဝင်သည့် ပိုစတာများအား ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပေါ်ရှိ အားကစားရုံ၊ အားကစားကွင်းများတွင် ပြည်နယ်၏အားကစားကဏ္ဍ  ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားနည်းအလိုက် စခန်းသွင်းလေ့ကျင့် သင်ကြားပေးလျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ငြိမ်းချမ်းသာယာအားကစားရပ်ဝန်းအတွင်းရှိ ငြိမ်းချမ်းသာယာဖူဆယ်အားကစားရုံ၌ နည်းပြများဖြင့် ဖူဆယ်အကယ်ဒမီ ဖွင့်လှစ်၍ သင်တန်းသား ၂၅ ဦးတို့အား ဖူဆယ်ဘောလုံးကစားနည်း သင်ကြားပို့ ချပေးနေမှုများကိုလည်းကောင်း၊ ကြက်တောင်အားကစားရုံ၌ ကြက်တောင်အားကစားနည်းအား သင်တန်းသား/သူ (၆၅)ဦးဖြင့် အသက်အရွယ်အလိုက် နည်းပြများက စခန်းသွင်းလေ့ကျင့် သင်ကြားနေမှုကိုလည်းကောင်း၊ ဘော်လီဘောအားကစားရုံ၌ အမျိုးသား/ အမျိုးသမီး (၁၃၁)ဦးတို့အား စခန်းသွင်းလေ့ကျင့် သင်ကြားနေမှုကိုလည်းကောင်း၊ ဂျူဒိုအားကစားရုံ၌ သင်တန်းသား/သူ (၄၅)ဦးဖြင့် စခန်းသွင်း လေ့ကျင့်သင်ကြားနေမှုကိုလည်းကောင်း၊ ငြိမ်းချမ်းသာယာဘောလုံးကွင်းအတွင်းအသက် (၁၇)နှစ်အောက်နှင့် အသက် (၁၄)နှစ်အောက် အမျိုးသားဘောလုံးအတွက် သင်တန်းသား/သူ (၁၀၀)ဦး၊ အသက် (၂၅)နှစ်အောက် သင်တန်းသူ (၅၀)ဦးတို့ဖြင့် ဘောလုံးပညာရပ်များကို နည်းစနစ်ကျ စခန်းသွင်း သင်ကြားပို့ချပေးနေမှုများကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားနည်းအလိုက် ဆုတံဆိပ်များ ဆွတ်ခူးရရှိနိုင်ရေး၊ ပြည်နယ်လက်ရွေးစင်မှတစ်ဆင့် နိုင်ငံလက်ရွေးစင်အထိ တိုးတက်ကောင်းမွန်သည့် အားကစားသမားများ လေ့ကျင့်ယှဉ်ပြိုင်မွေးထုတ်ပေးနိုင်ရေး အထူးကြိုးစားကြရန်လိုကြောင်း မှာကြားခဲ့ကာ သင်တန်းသားများအတွက် အားကစားဝတ်စုံများနှင့်အားကစားနည်းအလိုက် သင်ကြားပို့ချပေးလျက်ရှိသော နည်းပြ (၂၇)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် (၅၄)သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။