ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာနှစ်ဆန်း (၁) ရက်နေ့ သက်ကြီးပူဇော်ကန်တော့ပွဲ၊ ဇီဝိတဒါန ငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ၊ သွေးလှူဒါန်းပွဲများသို့ တက်ရောက်

မြစ်ကြီးနား     ဧပြီ ၁၇

          မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ မြန်မာနှစ်ဆန်း (၁)ရက်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့် အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ မြစ်ကြီးနားမြို့၌ သက်ကြီးပူဇော်ကန်တော့ပွဲ၊ ဇီဝိတ ဒါနငါးလွှတ်ပွဲ၊ အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲနှင့် သွေးလှူဒါန်းပွဲများ စသည့် ကုသိုလ် ကောင်းမှုပြုသည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာနေရာအသီးသီး၌ ကျင်းပပြု လုပ်ခဲ့ကြသည်။

          ရှေးဦးစွာ သက်ကြီးဘိုး/ဘွား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပပြုလုပ်ခဲ့ကြပြီး အသက် (၈၀)နှစ်နှင့်အထက် အခမ်းအနားတက်ရောက်ကြသည့် အဘိုး အဘွား ၁၀၀ ဦးတို့အား မြန်မာ့ဓလေ့ထုံးစံနှင့်အညီ မြို့တော်ခန်းမဝင်းအတွင်း ကုသိုလ်ပြု ခြေသည်း၊ လက်သည်းညှပ်ပေးခြင်းတို့ကို လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်း၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့မှ လက်သည်း၊ ခြေသည်း လှီးညှပ်ပေးခြင်း၊ နံနက်စာဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက အဘိုး အဘွားများအား နံ့သာသပြေခက်ဖြင့် အတာရေပက်ဖြန်း ပူဇော်ပေးခဲ့ကြသည်။

          ထို့နောက် မြို့တော်ခန်းမအတွင်း၌ သက်ကြီးပူဇော်ကန်တော့ပွဲ အခမ်းအနားကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသူများက အဘိုး/ အဘွား များအား ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က အဘိုး/ အဘွားများ အတွက် အသုံးအဆောင်လှူဖွယ်ပစ္စည်းများနှင့် ငွေသားစုစုပေါင်း တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းနှင့် အလှူရှင် များကလည်း အဘိုး/အဘွားများအတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းခဲ့ကြရာ အဘိုး/ အဘွားများ ကိုယ်စားအဘိုးတစ်ဦးက ကျေးဇူးတင်စကားနှင့် နှစ်သစ်ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။

          ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ဧရာဝတီရှုခင်းသာအပန်းဖြေစခန်း နေရာ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဇီဝိတဒါနာပြုလုပ်ခြင်းသည် ဘာသာတရား၏ အဓိကအခြေ ခံတန်ဖိုးများဖြစ်သည့် မေတ္တာ၊ ကရုဏာ၊ မုဒိတာနှင့် ဥပေက္ခာတရားများကို လက်တွေ့ကျင့်သုံးပြသ ခြင်းဖြစ်ပြီး သတ္တဝါအားလုံး၏ ရှင်သန်ခွင့်ကို လေးစားတန်ဖိုးထားသည့် အလွန်မြတ်နိုးဖွယ်ကောင်း သော ကုသိုလ်ကောင်းမှုတစ်ရပ်ကို ဆောင်ရွက်ခြင်းဖြစ်သကဲ့သို့ မိမိတို့အချင်းချင်းလည်း ယခုနှစ်သစ် ၁၃၈၈ ခုနှစ်မှစ၍ တစ်ဦးပေါ်တစ်ဦးတန်ဖိုးထားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ က ငါးခုံးမ ငါးသားပေါက်ကောင်ရေ နှစ်သိန်းနှင့် ရွှေဝါငါးကြင်းငါးသားပေါက် ကောင်ရေ တစ်သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ သုံးသိန်းကို ဧရာဝတီမြစ်အတွင်း ဇီဝိတဒါနအဖြစ် ဆုတောင်း မေတ္တာပို့သ၍ လွှတ်ပေးခဲ့ကြသည်။

          ယင်းနောက် မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ နှင့်နေ့ဆွမ်းဆက်ကပ်လှူုဒါန်းပွဲ အခမ်းအနားသို့ တက်ရောက်ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက်နာယက၊ အဘိဓဇမဟာရဋ္ဌဂုရု ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ပင့်သံဃာတော်များ ကြွရောက်တော်မူကြပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ကြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသူများက ဆရာတော်မထေရ် မြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မှုနှင့် နှစ်သစ်ကူးမေတ္တာတရားတော် နာယူခဲ့ကြကာ လှူုဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ‌ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌ တု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ ရုပ်သိမ်းလိုက်ကြပြီး ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

          ယင်းနောက် ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံအားကစားခန်းမ၌ စေတနာသွေး သန့်သွေးလှူရှင်များအသင်းက ကြီးမှူး၍ (၂၂)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲသို့ တက်ရောက်ခဲ့ ကြပြီး စေတနာသွေးသန့်သွေးလှူရှင် လူပုဂ္ဂိုလ်၊ ရဟန်း၊ သံဃာများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်အားပေးကြကာ အာဟာရဖြည့်စွက် အစားအစာများနှင့် ချီးမြှင့်ငွေများကို လိုက်လံပေးအပ်ခဲ့ကြ ပြီး ကူညီဆောင်ရွက်ပေးကြသော ဆေးရုံကြီးသွေးလှူဘဏ်ဌာနမှ တာဝန်ခံဆရာဝန်နှင့် သူနာပြုများ အတွက် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ စေတနာ့သွေးသန့် သွေးလှူရှင်များအတွက် ချီးမြှင့်ငွေများကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          အလားတူ မြစ်ကြီးနားမြို့ရှိ ဘုရား၊ ကျောင်း၊ ကန်၊ စေတီပုထိုးများတွင် မြန်မာနှစ်ဆန်း (၁)ရက်နေ့၌ ကုသိုလ်ကောင်းမှုပြုသူများ၊ မိသားစုလိုက်၊ အစုအဖွဲ့လိုက် လာရောက်လည်ပတ်သူများ ဖြင့် အထူးစည်ကားလျက်ရှိရာ ရှေးဟောင်းသမိုင်းဝင် လောကမာရ်အောင် ဆုတောင်းပြည့်စေတီ တော်၊ လျောင်းတော်မူ၊ ရပ်တော်မူ ဘုရားကြီးများတွင် ကုသိုလ်ကောင်းမှုပြုသူများ၊ မြန်မာ့ရိုးရာ အစားအစာများ အရောင်းဆိုင်ငယ်များတွင် လာရောက်လည်ပတ်သူများနှင့် စည်ကားလျက်ရှိသည်။