ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့လေပြင်တိုက်ခတ်မှုကြောင့် ရုံး၊ ဌာန၊ အများပြည်သူသွား လာရာနေများရှိ သစ်ပင်ကြီးများ၊ ဓာတ်တိုင်များ လဲကျခြင်း၊ သစ်ကိုင်းကျိုးကျခြင်းတို့အား မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ ဖယ်ရှားရှင်းလင်းပေးနေမှုအား လိုက်လံကြည့်ရှုအားပေး

မြစ်ကြီးနား ဧပြီ ၂၆

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ၌ ယမန်နေ့ည ၁၀ နာရီခွဲစတင်၍ ည ၁၁ နာရီထိ လေပြင်းတိုက်ခတ်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်များရှိ သစ်ပင်များ၊ ဓာတ်တိုင်များလဲကျ၍ ရုံး၊ ဌာနများနှင့် အများပြည်သူများ သွား/ လာရာနေများတွင် လမ်းပိတ်စို့မှုများ ဖြစ်ပွားခဲ့သဖြင့် ရှင်းလင်းရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းမှစ၍ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ ရှမ်းစုမြောက်ရပ်ကွက် ဇော်ဂျွန်းလမ်းပေါ်ရှိ မန္တလေးဘုန်းတော်ကြီးကျောင်းအနီးတွင် လုံးပတ်(၄)ပေခန့်၊ အမြင့်ပေ ၃၀ ခန့်ရှိ မလေးရှားပိတောက်ပင်လဲကျ၍ ရှင်းလင်းဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဂိတ်ပေါက်၌ လုံခြုံရေးအဆောက်အဦပေါ် တမာပင်လဲကျမှုကြောင့် မီးသတ်တပ်ဖွဲ့နှင့် စည်ပင်သာယာရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကာ မီးသတ်တပ်ဖွဲ့ဝင်များနှင့် စည်ပင် သာယာရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများကိုပေးအပ်ခဲ့ပြီး ရုံးဝင်းအတွင်းရှိ သစ်ပင်ကြီးများပါ ခုတ်ထွင်ရှင်းလင်းထားရှိရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သခင်နက်ဖေလမ်းပေါ်ရှိ ပြည်နယ်ရုံးတပ်ဖွဲ့မှူးရုံး၌ လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြည်နယ်အားကစားကွင်း အရှေ့ဘက်ရှိ ညာဘက်ခြမ်းပွဲကြည့်စင် အမိုး(အလျား ၁၅၀ ပေ၊ အနံ ၄၀ ပေ)ရှိ အမိုးအချပ်လိုက် ကားလမ်းမကျော်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးအတွင်းကျရောက်ခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ဧရာဝတီဂရုဏာဖောင်ဒေးရှင်း၊ ရွှေမေတ္တာလူမှုကူညီရေးအဖွဲ့စသည့် လူမှုကူညီရေးအသင်းအဖွဲ့များ၊ အား ကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများက တက်ကြွစွာဖယ်ရှားရှင်းလင်းပေးနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက အဖွဲ့အစည်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်တွင်းအခွန်များဦးစီးဌာန၊ ပြည်နယ်အခွန်ဦးစီးမှူးရုံးရှေ့ ဇော်ဂျွန်းလမ်းမပေါ်တွင် လျှပ်စစ်မီးဓာတ်တိုင် လဲကျနေမှုအား လျှပ်စစ် ဝန်ထမ်းများနှင့် ဘူးဂါးကုမ္ပဏီမှ ဝန်ထမ်းများ အစားထိုးပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

          အဆိုပါ ယမန်နေ့ညက လေပြင်းတိုက်ခတ်မှုကြောင့် ဧရာရပ်ကွက် အ.ထ.က (၁)နှင့် အ.ထ.က (၉) ကြားရှိ သစ်ပင်ကြီးလဲကျခြင်း၊ ဧရာရပ်ကွက်အတွင်းရှိ ဝန်ထမ်းအိမ်ရာတွင်လည်း သစ်ပင်ကြီးလဲကျခြင်း၊ ရန်ကြီးအောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအနီးတွင်လည်း အိမ်စီးကားတစ်စီးအပေါ် အမြင့်ပေ (၃၀)ရှိ အပင်လဲကျခြင်းတို့ ဖြစ်ပေါ်ခဲ့သည့်အပြင် မြို့ပေါ်ရပ်ကွက်များတွင်လည်း သစ်ပင်ကြီးများ လဲကျခြင်းများဖြစ်ပေါ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနကသိရှိရပြီး အလားတူ မိုးကောင်းမြို့နယ်အတွင်း နမ္မတီး၊ မိုးကောင်းတို့တွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် အပင်ကြီးများလဲကျခြင်းနှင့်အတူ အဆောက်အအုံများ ထိခိုက်ခဲ့ကြောင်းသိရသည်။