မြစ်ကြီးနား မေ ၂
ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနားမြို့အား သန့်ရှင်းသပ်ယပ်ပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပလာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လူထုပူးပေါင်းပါဝင်မှုဖြင့် အပတ်စဉ်စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် မြို့သန့်ရှင်းသာယာလှပရေးအပြင် မြို့ပေါ်ရေဝပ်သည့် ရပ်ကွက်များတွင် ရေနှုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့ပေါ်ရှိ ရှမ်းစုတောင်၊ အေးစေတီ၊ အောင်နန်း၊ ရမ်ပူ၊ ကြက်ပေါင်ခြံ၊ ခေမာသီရိ၊ ကျွန်းပင်သာရပ်ကွက်များကိုဖြတ်သန်းပြီး ရေကြည်ချောင်းမှတစ်ဆင့် ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သော အရှည် ၁၅၄၀၀ ပေ၊ အကျယ် ၅ ပေရှိ ကျောက်စီရေနှုတ်မြောင်းဖြစ်သည့် အမှတ် (၄) ပင်မရေနှုတ်မြောင်းအား ရမ်ပူရပ်ကွက်အတွင်း လမ်းသွယ် ၁၃ မှ လမ်းသွယ် ၂၄ အကြား စည်ပင်သာယာရေးအဖွဲ့မှ လူအား၊ ယန္တရားအင်အားတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား အမှိုက်စွန့်ပစ်ခြင်းမရှိစေရေး ပူးပေါင်းပါဝင်ကြရန်၊ မြို့ပေါ်ရေနှုတ်မြောင်းများအားလုံး ရှင်းလင်းဆောင်ရွက်နိုင်ရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် စနစ်တကျ ကွင်းဆင်းစစ်ဆေး၍ ရေနှုတ်မြောင်းကျဲ့နိုင်သည့် နေရာများအား စီမံချက်ရေးဆွဲ တင်ပြနိုင်ရေးမှာကြားခဲ့ကာ လမ်းသွယ် ၁၃ လီဆူစာပေနှင့်ယဉ်ကျေးမှုကွင်းရှေ့၌ ရပ်ကွက်နေပြည်သူများ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်း၌ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ IMFပြည်နယ်လူငယ်မိဿဟာယအသင်းမှ စေတနာ့ဝန်ထမ်း လူငယ်များ၊ မြို့ပေါ်ရှိ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသားလူငယ်များ စုပေါင်း၍ Cleaning Campaign အဖြစ် ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်သို့ သွားရောက်ပါဝင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်များအား သန့်ရှင်းရေးလုပ်ငန်းတွင် ယခုလို ပူးပေါင်းပါဝင်လာကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း၊ တစ်ဦးတစ်ယောက်မှစ၍ သန့်ရှင်းသော မြို့/ ရွာ၊ ပတ်ဝန်းကျင်ကောင်းများဖြစ်ပေါ်လာစေရေး ယခုလို ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန်လိုကြောင်း အားပေးပြောကြားကာ လူငယ်မိဿဟာယအဖွဲ့အတွက် ချီးမြှင့်ငွေကျပ်သိန်း ၂၀ ကို ပေးအပ်ခဲ့ပြီး We Love Myitkyina ဆိုင်းဘုတ်မှ ကမ်းနားလမ်းတစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် ဝိုင်းမော်မြို့သို့ သွားရောက်ပြီး နန့်မြစ်ခချောင်းတံတားမှ မြို့ဝင်ဆိုင်းဘုတ် နေရာအထိနှင့် အမှတ် (၁၊ ၂) ရပ်ကွက်များအတွင်း မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင် များ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ လမ်းဘေးဝဲ/ယာ တစ်လျှောက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်း ပါဝင်ဆောင်ရွက်ပေးကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက် ဝိုင်းမော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ သွားရောက်ပြီး ရုံးဝင်းအတွင်းရှိ ပျိုးဥယျာဉ်ခြံ၌ မြို့စိမ်းလန်းစိုပြေရေးအတွက် စိုက်ပျိုးသွားမည့် အလှပန်းပင်များနှင့် အရိပ်ရပန်းပွင့်သည့်အပင်ကြီးမျိုးများ ပြုစုပျိုးထောင်ထားရှိမှု အခြေအနေများနှင့် လုပ်ငန်းသုံးယာဉ်၊ ယန္တရားများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မြို့သာယာလှပရေးအတွက် အစွမ်းကုန်အားထည့်ဆောင်ရွက်ကြရေး နှင့် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် အလေးအနက်ထား စည်းရုံးဆောင်ရွက်ရေးမှာကြားခဲ့သည်။






