ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင် ပွဲသို့ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်လက်ရွေးစင် ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်

မြစ်ကြီးနား မေ ၁၃

          ၂၀၂၆ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရေး ကချင်ပြည်နယ်မှ အသက်(၁၈)နှစ်အောက် လက်ရွေးစင် ဘောလုံးအသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်မိုးလုံ လေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် လက်ရွေးစင်ဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ခဲ့ကြပြီး  ပြည်နယ်ဝန်ကြီးချုပ်က တိုင်း‌ဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် ဘောလုံးပြိုင်ပွဲသို့ ဂုဏ်ယူစွာဖြင့် ပြည်နယ်ကိုယ်စားပြုပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေဖြင့် ယနေ့ပေးအပ်လိုက်မည့် အောင်နိုင်ရေးအလံသည် ကချင်ပြည်နယ်တစ်ခုလုံး၏ စုစည်းမှုနှင့် မျှော်လင့်ချက်များကို ကိုယ်စားပြုသည့်အတွက် မိမိကိုယ်ကိုကိုယ် ဂုဏ်ယူသည့် စိတ်ဖြင့် ကြိုးစားယှဉ်ပြိုင်ကစားကြရန်လိုကြောင်း၊ ထို့အပြင် ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့်လည်း လူငယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက်ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်းနှင့် လက်ရွေးစင်ဘောလုံးအသင်းနေဖြင့် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးယှဉ်ပြိုင်ပြီး အောင်လံလွှင့်ထူနိုင်အောင်၊ ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် ကြိုးစားကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် လက်ရွေးစင်အသင်းအသက်နည်းပြက အားကစားသမားများအား စခန်းသွင်းလေ့ကျင့်ပြင်ဆင်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်း ၃၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကာ လက်ရွေးစင်အသင်းအတွက် ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၏ အားကစားအထောက်အကူပြုပစ္စည်းများ၊ ငွေကြေး၊ ဆေးဝါးများ ပံ့ပိုးကူညီခဲ့မှုအပေါ် ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ခဲ့သည်။

          ယင်းနောက် အသင်းအုပ်ချုပ်သူက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး အောင်နိုင်ရေးအလံ ပေးအပ်ပွဲ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။