မြစ်ကြီးနား မေ ၁၆
မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်းများ သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက် ၇ နာရီက မြစ်ကြီးနားမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးနှင့်အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် သန့်ရှင်းသာယာသော ကျောင်းပတ်ဝန်းကျင်ဖြစ်ပေါ်စေရေးအတွက် ဇီးလွန်ရပ်ကွက်ရှိ အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်းနှင့်ပမ္မတီးရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ပမ္မတီး)တို့တွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်နေပြည်သူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက ကျောင်းဝင်းအတွင်းနှင့် ကျောင်းပတ်ဝန်းကျင်တို့တွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းဖွင့်နိုင်ရေးအတွက် ကျောင်းလိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့အပြင် ဒေသတွင်း ပြည်သူများ အသားစားသုံးမှုဖူလုံစေရေးအတွက် မွေးမြူရေးလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက နန်းကွေ့ ကျေးရွာအုပ်စု၊ ပြည်ထောင်ကျေးရွာအနီးရှိ အသားတိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဦးစိုးတင့်၏ ခြံဝင်းသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပိုင်ရှင် ဦးစိုးတင့်နှင့်အတူ ခြံဝင်းအတွင်းရှိ ကြက်ခြံ (၅)ခြံ၌ အသားတိုးကြက်ကောင်ရေ ခြောက်သောင်းကျော်အား အရွယ်အစားအလိုက် သတ်မှတ်ခြံများတွင်စနစ်တကျ လေအေးပေးစက်များဖြင့် မွေးမြူထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်း ဈေးကွက်ဖြန့်ဖြူးရောင်းချနိုင်မှု အခြေအနေများ၊ ကြက်သားပေါက်နှင့် ကြက်စာမှာယူတင်သွင်းနေမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က စနစ်တကျဖြင့် မွေးမြူခြင်းအား စဉ်ဆက်မပြတ် မွေးမြူထုတ်လုပ်နိုင်ရေးနှင့် လိုအပ်သည့် နည်းပညာနှင့် ဆေးဝါးများ၊ လိုအပ်သည်များကို ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ ပံ့ပိုးကူညီပေးခြင်းအားဖြင့် ဒေသ၏အသားစားသုံးမှုဖူလုံလာမည်ဖြစ်သည့်အပြင်မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူများသည်လည်းအားကြိုးမာန်တက် လိုက်ပါဆောင်ရွက်လာမည်ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ မွေးမြူရေးအထောက်အကူပြုဆေးဝါးများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့သည်။
ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ဒေါ်ရွယ်ဂျီးပိုင် ခြံဝင်းအတွင်း ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်မြို့နယ်များမှ နယ်မြေအခြေအနေအရ လာရောက်ခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံကာ အိမ်ထောင်စု (၁၄၆)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် ၁၄၆ အိတ် ကိုထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ စခန်းတာဝန်ခံနှင့် အိမ်ထောင်စုများက စခန်းအတွင်း မိသားစုများအတွက် နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက်များ၊ ရေဝပ်သည့်နေရာဖြစ်သည့်အတွက် ရေနှုတ်မြောင်း တူးဖော်ပေးနိုင်ရေးစသည့် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဝါးလိုအပ်ချက်အတွက် ဝယ်ယူနိုင်ရေး ငွေကျပ်သိန်း ၄၀ ကို ထောက်ပံ့ပေးအပ်ကာ နိဂုံးချုပ်အားပေးအမှာစကားပြောကြားခဲ့သည်။




