မြစ်ကြီးနား မေ ၁၇
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် မြစ်ကြီးနားမြို့ မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့ နံနက်ပိုင်းက မြစ်ကြီး နားမြို့ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ပြည်နယ်ဝန်ကြီးက မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနဝန်ထမ်းများနှင့် အကျဉ်းဦးစီးဌာနဝန်ထမ်းများနှင့် ဆေးရုံဝန်ထမ်းများက ဆေးရုံဝန်းအတွင်းရှိ ချုံနွယ်များ ရှင်းလင်းခြင်း၊ အမှိုက်များစနစ်တကျသိမ်းဆည်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းများ ရှင်းလင်းခြင်း၊ သစ်ပင်နှင့် သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းတို့အပြင် လူနာများနှင့် ပြည်သူများသွားလာအသုံးပြုသည့် နေရာများ သန့်ရှင်းသာယာလှပရေးတို့ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် မြို့သန့်ရှင်းသာယာရေးလုပ်ငန်းများကို စည်ပင်သာယာ ရေးနယ်နိမိတ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင်လည်း အပတ်စဉ်ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
