ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း မြစ်ကြီးနား- မိုးကောင်း – မိုးညှင်း မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား  မေ  ၂၀

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အတွင်း မြစ်ကြီးနား-မိုးကောင်း- မိုးညှင်း မီးရထားခရီးစဉ် တိုးချဲ့ပြေးဆွဲနိုင်ရေး ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့မီးရထားပြေးဆွဲမှု လုပ်ငန်းများကို အကြမ်းဖက်အဖွဲ့အစည်းများ၏ ဖျက်ဆီးမှုများကြောင့် မီးရထားပြေးလမ်းများပျက်စီးခဲ့သည့်အတွက် ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှစ၍ ရပ်ဆိုင်းခဲ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေရေးအတွက် မြစ်ကြီးနား-မိုးကောင်း မီးရထားလမ်းပိုင်း ခရီးမိုင် (၃၆.၇၅)မိုင်ကို ပြန်လည်ပြုပြင်ဆောင်ရွက်ပြီး ပြေးဆွဲနိုင်ခဲ့ပါကြောင်း၊ ထို့ကြောင့် မိုးကောင်း- မြစ်ကြီးနားကြားရှိ ခရီးသွားပြည်သူများမှာ ခရီးစရိတ်သက်သာစွာဖြင့် သွားလာရေးအဆင်ပြေလျက်ရှိသည့် အတွက် မိုးကောင်း- မိုးညှင်းကြားရှိ ခရီးသွားပြည်သူများသွားလာရေးအဆင်ပြေစေရန် ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းစီစဉ်မှုဖြင့် မိုးကောင်း- မိုးညှင်း မီးရထားလမ်းပိုင်း ခရီးမိုင် (၅၂.၂၅)မိုင်အနက် ယနေ့ အချိန်ထိ ခရီးမိုင် (၃၀.၉၁) မိုင်အထိ ပြုပြင်ပြီးစီးနေပြီဖြစ်ပါကြောင်းနှင့် ပြည်နယ်အစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်အတွင်း မိုးကောင်း – မိုးညှင်း လမ်းပိုင်းပြုပြင်မှု လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းပိုင်းပြုပြင်ပြီးစီးပါက မြစ်ကြီးနား- မိုးကောင်း- မိုးညှင်းအထိ မီးရထားပြေးဆွဲနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အမှတ်(၁)တိုင်း၊ မြန်မာ့မီးရထားအင်ဂျင်နီယာဌာန၊ အင်ဂျင်နီယာမှူး(မြို့ပြ) ဦးအောင်မော်နှင့် တာဝန်ရှိသူများက မြစ်ကြီးနား-မိုးညှင်း ဘူတာကြား ရထားများပြန်လည်ပြေးဆွဲနိုင်ရေးအတွက် မိုးကောင်းနှင့် မိုးညှင်း ဘူတာကြား ရက် ၁၀၀ စီမံချက်ဖြင့် ရထားလမ်းပိုင်းပြုပြင်ခြင်းနှင့် ပျက်စီးသွားသော တံတားများပြန်လည်ပြုပြင်ပြီးစီးမှုအခြေအနေများ၊ ကျန်ရှိနေသည့် လမ်းပိုင်းအား ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများအား အသီးသီးရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက မြစ်ကြီးနား-မိုးကောင်း-မိုးညှင်း မီးရထားပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အကြံပြုဆွေးနွေးခဲ့မှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဖြည့်စွက်ဆွေးနွေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။