ပူတာအို မေ ၂၀
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်သည် ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်နှင့်အတူ မေ ၁၉ ရက် မွန်းလွဲပိုင်းက ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်နှင့် မချမ်းဘောမြို့နယ်များသို့ လျှပ်စစ်မီးလင်းရေးအတွက် အဓိကထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံ လည်ပတ်နေမှုအခြေအနေများနှင့် လျှပ်စစ်ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့် လျှပ်စစ်အင်ဂျင်နီယာ ဦးခန့်ထက်တို့သည် ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်၊ အလွတ်တန်းကျေးရွာအတွင်း နမ့်ထွမ်ချောင်းပေါ်တွင် တည်ဆောက်ထားသော နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံသို့သွားရောက်ပြီး စက်ရုံအတွင်း လျှပ်စစ်ဓာတ်အား လည်ပတ်ထုတ်လုပ်နေမှုအခြေအနေများနှင့် ပူတာအို၊ မချမ်းဘောမြို့နယ်များအတွက် ဖြန့်ဖြူးပို့လွှတ်နေမှုအခြေအနေများ၊ ရေစုကန်နှင့် ချောင်းရေအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြရာ စက်ရုံတာဝန်ခံ အင်ဂျင်နီယာ ဦးတေဇာလင်း၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးမောင်မောင်သိုက်တို့က လိုက်လံရှင်းလင်းပြသမှုအပေါ် ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စက်ရုံဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး၌ အရာထမ်း/ အမှုထမ်းဝန်ထမ်းများနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးက လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်းသည် ပြည်သူများနှင့် အများဆုံးထိတွေ့ဝန်ဆောင်မှုပေးရသည့် လုပ်ငန်းတစ်ခုဖြစ်သည့်အတွက် အကောင်းဆုံးဆက်ဆံ၍ ဝန်ဆောင်မှုပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားပြီး ဝန်ထမ်းများအတွက် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
ထို့အတူ ပြည်နယ်ဝန်ကြီးသည် ယနေ့ နံနက်ပိုင်းကလည်း မြစ်ကြီးနားမြို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းသို့သွားရောက်ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ရုံးအတွင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများစနစ်တကျဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးသည် ခရိုင်လမ်းဦးစီးဌာနရုံး၌ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဘဏ္ဍာနှစ်အလိုက် သတ်မှတ်လုပ်ငန်းများ ပြီးစီးအောင်ကြိုးစားဆောင်ရွက်ကြရေး မှာကြားခဲ့ပြီး လမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ဘဏ္ဍာနှစ်အလိုက် ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။







