ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ မြို့တော်အင်္ဂါရပ်နှင့်အညီ ပန်းများဖြင့် ဝေဆာဖူးပွင့်၍ သန့်ရှင်းသာယာလှပရေး ကွင်းဆင်းစစ်ဆေး၊ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်၍ ပညာ သင်ကြားနေမှုနှင့် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်နှင့် ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်၊ ကသာမြို့နယ်မှ ယာယီတိမ်းရှောင် လာသော အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဇွန် ၁

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်မြို့တော် မြစ်ကြီးနားမြို့အား မြို့တော်အင်္ဂါရပ်နှင့် အညီ သန့်ရှင်းသာယာလှပပြီး လမ်းလယ်ကျွန်းများ၊ လမ်းဘေးဥယျာဉ် (Road Side Garden) များတွင် ပန်းများဖြင့် ဝေဆာဖူးပွင့်နေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့၌ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ‌အောင်ဇေရန်အောင်ဘုရား အနီး ပြည်ထောင်စုလမ်းမကြီးဘေးရှိ ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အများပြည်သူအပန်းဖြေနိုင် ရေး ဆောင်ရွက်ပေးခဲ့သော မလိခဥယျာဉ်သို့ သွားရောက်ပြီး ပန်းဥယျာဉ်အတွင်း ကလေးကစားကွင်းနှင့် အတူ မြေယာရှုခင်းပြုပြင်၍ ပန်းများဖြင့် အလှပြုပြင်ထားရှိမှု၊ ဥယျာဉ်ရေဝင်ရောက်မှု မရှိစေရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် မြို့သစ်ကြီးရေနှုတ်မြောင်းအား တူးဖော်၍ တာဘောင်ဖို့ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် အဆိုပါဥယျာဉ်နှင့် မျက်နှာခြင်းဆိုင်ရှိ Welcome To Myitkyina ဆိုင်းဘုတ် နှင့် မေခဥယျာဉ်အတွင်း ပန်းများတိုးချဲ့စိုက်ပျိုးနိုင်‌ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ထို့နောက် မြစ်ကြီးနားလေဆိပ်ရှေ့ရှိ ဧရာဝတီပန်းခြံငယ်အတွင်း ပန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး နှင့် အများပြည်သူပိုမိုအနားယူအပန်းဖြေနိုင်ရေး ဆောင်ရွက်ထားရှိမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြ ပြီး လေဆိပ်ဝင်းအတွင်း ခြံစည်းရိုးနှင့် ယာဉ်ရပ်နားရန်နေရာများတွင် အရိပ်ရပန်းပင်များ စိုက်ပျိုးထား သည့် အခြေအနေများနှင့် လေဆိပ်ဝင်းအတွင်း ပန်းပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သန့်ရှင်းသာယာပြီး စိမ်းလန်းစိုပြည်သော နေရာတစ်ခုဖြစ်အောင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများ နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ သခင်နက်ဖေလမ်းနှင့် ရုံးကြီးလမ်းဆုံနေရာ လမ်းဘေးဝဲ/ယာရှိ မြေကွက်လပ်တွင် သစ်ပင်များ အကိုင်းချိုင် အလင်းဖွင့်ပြီး ပန်းပင်များ စိုက်ပျိုးနိုင်ရေး၊ သန့်ရှင်းသပ်ယပ်မှုရှိအောင်ဆောင်ရွက်ရေး လိုအပ်သည်များကို ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ ဇွန် ၁  ရက်နေ့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ပြီးဖြစ်ရာ ကျောင်းများ စတင်ဖွင့်လှစ်ပြီဖြစ်သဖြင့် ကျောင်းသား/ ကျောင်းသူများအား အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး မန္တလေး-မြစ်ကြီးနားဆက်သွယ်ရေး လမ်းကြောင်းပြန်လည်ဖွင့်လှစ်ပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့သို့ ဒုတိယအကြိမ်ရောက်ရှိလာသော မော်တော်ယာဉ်တန်းတွင် ပညာရေးဝန်ကြီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းသား/ ကျောင်းသူများအား အခမဲ့ထောက်ပံ့နိုင်ရန် ပေးပို့လာသည့် ကျောင်း သုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများကို အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်အလိုက် လိုက်လံထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ တပ်ကုန်း(ရာဒါကောင်း-ဘီ)ရပ်ကွက်အတွင်း ကသာမြို့နယ်၊ ပင်းမလွတ်ကျေးရွာမှ ယာယီတိမ်းရှောင်လာခဲ့ကြသော ကသာခါနန် ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး အဆိုပါစခန်း၌ ယာယီခိုလှုံနေထိုင်လျက်ရှိသည့် အိမ်ထောင်စု (၃၀)အတွက် ဆန် (၂၄)ပြည်ပါအိတ် ၃၀ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ဆက်လက်၍ စခန်းတာဝန်ခံက အိမ်ထောင်စုများအတွက် ကလေးများ စာဖတ်ဆောင်လိုအပ်ချက် နှင့် လျှပ်စစ်မီတာရရှိရေးတို့ကို တင်ပြရာ လျှပ်စစ်မီတာတပ်ဆင်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကလေးများစာဖတ်ဆောင် ဆောက်လုပ်နိုင်ရေး ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်ကာ ပြည်နယ် ဝန်ကြီးချုပ်က အိမ်ထောင်စုများအား နေရပ်ပြန်နိုင်ရေး၊ တည်ငြိမ်းအေးချမ်းရေးနှင့် ငြိမ်းချမ်းရေးရရှိရေး အတွက် အားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် လိုအပ်သည် များကို စဉ်ဆက်မပြတ်ထောက်ပံ့ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အားပေးပြော ကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါရပ်ကွက် ကြာရာပတ္တီး-ဘီအတွင်း ပိုင်ရှင်ဦးဘောက်နော်မိသားစုခြံ၌ ယာယီခိုလှုံနေထိုင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် ကသာမြို့မှ ယာယီတိမ်းရှောင်မိသားစုများနှင့် ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံပြီး အိမ်ထောင်စုများ နေထိုင်စား သောက်မှု အဆင်ပြေစေရေးနှင့် ကျောင်းနေအရွယ်ကလေးများ ကျောင်းအပ်နှံနိုင်ရေး စီစဉ်ဆောင်ရွက် ပေးခဲ့ကာ ယာယီနေအိမ်တန်းလျားများ အမြန်ဆုံးတည်ဆောက်ပြီးစီးရေးအတွက် ငွေကျပ်သိန်း ၅၀ ကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ အိမ်ထောင်စု (၅၅) စုအတွက် ယာယီနေအိမ်တန်းလျားများ တည်ဆောက်ပြီး စီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်စွက်ဆောင်ရွက်ပေး နိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။