မြစ်ကြီးနား ဇူလိုင် ၁၇
၂၀၂၆ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကို ကချင်ပြည်နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာအဖွဲ့အစည်းများအပြင် လူထုလှုရှားမှုအသွင်ဖြင့် စည်းရုံးဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီကလည်း ပြည်နယ်အတွင်း (၁၄) ကြိမ်မြောက်အဖြစ် ကချင်ပြည်နယ်ရွှေလုပ်ငန်းရှင်များအသင်းက ကြီးမှူးကျင်းပသော မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဝိုင်းမော်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့သည် ဝိုင်းမော်မြို့၌ ပထမဆုံးကျင်းပသည့်ပွဲတော်ဖြစ်သော်လည်း ပြည်နယ်အတွင်း (၁၄)ကြိမ်မြောက် သစ်ပင်စိုက်ပျိုးပွဲ ဖြစ်သည့်အပြင် အပင်ပေါင်း (၁၂၃၅၀၀)ကို ဖြန့်ဝေစိုက်ပျိုးခဲ့ပြီးဖြစ်ပါကြောင်း၊ သစ်ပင်စိုက်ပျိုးခြင်း၊ သစ် တောများကို ထိန်းသိမ်းခြင်းသည် သဘာဝပတ်ဝန်းကျင်အတွက်သာမက ပြည်သူများ၏ ကိုယ်ပိုင်အကျိုး စီးပွားနှင့် လူသားတို့၏ အနာဂတ်ကို ကာကွယ်ခြင်းလည်းဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ နေ့စဉ် အသက် မွေးဝမ်းကျောင်းမှု၊ ရေနှင့် စားရေရိက္ခာဖူလုံရေးနှင့် တိုက်ရိုက်ဆက်စပ်နေသည်လည်းဖြစ်သည့်အတွက် ပြည်သူများ၏ ပူးပေါင်းပါဝင် စိုက်ပျိုးကြရန် အရေးကြီးပြီး ပြည်သူများ သစ်ပင်စိုက်ပျိုးခြင်းကို ပူးပေါင်း ပါဝင်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌတို့က သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များထံ ဖြန့်ဝေပေးအပ်ခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် ရွှေလုပ်ငန်းရှင်အသင်းဝင်များ၊ အရပ်ဘက် လူမှုကူညီရေးအသင်းအဖွဲ့များက ကျောင်းဝင်းအတွင်း သတ်မှတ်နေရာအသီးသီး၌ သစ်အယ်၊ ယင်းမာ၊ ပိတောက်၊ လောက်ယား၊ တမလန်းစသည့် အရိပ်ရအပင်ကြီးမျိုး သစ်မျိုးအပင် (၁၀၀၀)ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်စိုက်ပျိုးပေးကြသူ များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ပြည်နယ် MSME အေးဂျင်စီက နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်အတွင်း ဒေသတွင်း MSME လုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် MSME လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း MSME လုပ်ငန်းရှင်များ လက်တွေ့ ကြုံတွေ့နေရသည့် အခက်အခဲများကို ဖော်ထုတ်ဆွေးနွေးကာ၊ အစိုးရနှင့် ပြည်သူ အတူတကွလက်တွဲပြီး တွေ့ကြုံနေရသည့် အခက်အခဲများကို ဖြေရှင်းကျော်လွှားနိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရန် ယနေ့တွေ့ဆုံရာတွင် မိမိတို့လုပ်ငန်းအလိုက်တွေ့ကြုံနေရသည့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြပေး ကြရေး၊ သို့မှာသာ လုပ်ငန်းရှင်များ၏ ပကတိလိုအပ်ချက်ကို သိရှိပြီး ဖြည့်ဆည်းပံ့ပိုးပေးရမည့် ကိစ္စရပ် များကို လက်တွေ့ကျကျ ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနိုင်မည်ဖြစ်သကဲ့သို့ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ် MSME အေဂျင်စီ ဥက္ကဋ္ဌ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်နိုင်က လုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာများအကြား ချိတ်ဆက်ပေါင်းစပ်ပေးခြင်းဖြင့် ဒေသတွင်း MSME လုပ်ငန်းများ တိုးမြှင့်ထုတ်လုပ်နိုင်ရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းကို ရှင်းလင်း ပြောကြားပြီး အေဂျင်စီအတွင်းရေးမှူး၊ ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ် ဦးစီးမှူးက MSME လုပ်ငန်းလိုင်စင်များ စိစစ်ချထားပေးမှု အခြေအနေများ၊ ချေးငွေနှင့် ဌာနမှ ပေါင်းစပ်ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းစဉ်များကို လည်းကောင်း၊ ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက MSME ထုတ်ကုန်များအတွက် ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့် စပ်လျဉ်း၍ လိုက်နာ ဆောင်ရွက်ရမည့်နည်းလမ်းများကို လည်းကောင်း၊ မြန်မာ့စီးပွားရေးဘဏ် ပြည်နယ်မန်နေဂျာက MSME လုပ်ငန်းများအတွက် ငွေကြေးဆိုင်ရာရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက လုပ်ငန်းလိုင်စင်ရရှိရေး၊ အရည် အသွေးမြှင့်ထုတ်ကုန်ဆိုင်ရာများ၊ ချေးငွေ ရယူလိုမှုများနှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းဆွေးနွေးပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်က အားပေးမြှင့်တင်လျက်ရှိသည့် MSME လုပ်ငန်းများအား ရေရှည်ဖွံ့ဖြိုးတိုး တက်စေရေး လုပ်ငန်းရှင်များအနေဖြင့် ယခုထက်ပိုမိုကြိုးစားဆောင်ရွက်ကြရေးနှင့် ဌာနဆိုင်ရာများ အနေဖြင့် လိုအပ်ချက်၊ အခက်အခဲများကိုလည်း လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် အညီ အတတ်နိုင်ဆုံး မြန်ဆန်စွာဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ၏ (၂/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၃/၂၀၂၆) လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို တစ်ဆက် တစ်စပ်တည်း ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြပြီး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ပြည်နယ်အတွင်း မြေလွတ်မြေလပ်နှင့်မြေရိုင်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် ကော်မတီသို့ အသုံးပြု ခွင့်လျှောက်ထားလာသည့် မြေယာအမှုတွဲများနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ လယ်ယာမြေအား အခြားနည်းအသုံးပြုခွင့်အတွက် တင်ပြတောင်းဆိုလာသည့် မြေယာအမှုတွဲများနှင့် စပ်လျဉ်း၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး ဗဟိုကော်မတီသို့ ဆက်လက်တင်ပြရမည့် အမှုတွဲများနှင့် ပြည်နယ်မှ ခွင့်ပြုဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းစာတွဲများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆွေးနွေးဆောင်ရွက် ခဲ့ကြကြောင်းသိရသည်။





