မြစ်ကြီးနား ဇူလိုင် ၂၅
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသတွင်းနယ်မြေအခြေအနေအရ မြစ်ကြီးနားမြို့သို့ လာရောက်တိမ်းရှောင်နေထိုင်လျက်ရှိသောပြည်သူများအား ယာယီနေအိမ်စခန်းများ ဖွင့်လှစ်ပေးခြင်းနှင့်တွေ့ဆုံအားပေးထောက်ပံ့ခြင်းများကို အဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့ပေါ်ရှိ ယာယီတိမ်းရှောင် စခန်း (၁၃)ခုမှ အိမ်ထောင်စု (၄၅၀)ကျော်တို့အား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်အတွင်းရှိ ရှမာရိ (၁)ယာယီတိမ်း ရှောင်စခန်း၌ အဆိုပါရပ်ကွက်အတွင်းရှိ ရှမာရိစခန်း (၁) မှ စခန်း (၆) ရှိ အိမ်ထောင်စုများ၊ ဦးဇပိုနေ အိမ်ဝင်းနှင့် ဒေါ်ဝေဝေခြံဝင်းအတွင်း စခန်းဖွင့်လှစ်နေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ဆဒုံး၊ ပန်ဝါမြို့များနှင့် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာများမှ အိမ်ထောင်စုများနှင့်သွားရောက်တွေ့ဆုံပြီး ယင်းစခန်း (၈) ခုမှ အိမ်ထောင်စု (၃၆၇) စုတို့အတွက် တစ်အိမ်ထောင်လျှင် ဆန် (၂၄)ပြည်ပါအိတ် တစ်အိတ်နှုန်းဖြင့် စုစုပေါင်း ဆန်အိတ် (၃၆၇)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။
ဆက်လက်၍ အဆိုပါစခန်းများကိုယ်စားတာဝန်ခံတစ်ဦးက ကျေးဇူးတင်စကားနှင့်အိမ်ထောင်စုများ၏ လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး မိသားစုများအား မိုးရာသီတွင် နေထိုင်စားသောက်မှု အဆင်ပြေစေရေး ကွင်းဆင်း၍ အတတ်နိုင်ဆုံး ထောက်ပံ့ပေးလျက်ရှိသည့်အပြင် လိုအပ်သည်များကို အမြန်ဆုံးဖြည့်ဆည်းပေးနိုင်ရေး ကြိုးစားပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် နေရပ်ပြန်နိုင်ရေးအတွက် အားလုံးကဝိုင်းဝန်းကြိုးစားကြ ရမည်ဖြစ်ကြောင်း အားပေးမှာကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်းရှိ ပေါ်ဦးဘုန်းတော်ကြီးကျောင်းသို့ ဆက်လက်သွားရောက်ခဲ့ကြပြီး အဆိုပါ ဘုန်းတော်ကြီး ကျောင်းအပါအဝင် အဆိုပါရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်မိသားစုများ နေထိုင်လျက်ရှိသော စခန်း/နေရာ (၅) ခု၌ ဝိုင်းမော်မြို့နယ်၊ မံစီမြို့နယ်၊ ကသာမြို့နယ်များမှ အိမ်ထောင်စု (၈၄) တို့အတွက် တစ်အိမ်ထောင်လျှင် ဆန် (၂၄) ပြည်ပါအိတ် တစ်အိတ်နှုန်းဖြင့် ဆန်အိတ် (၈၄)အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြကာ အိမ်ထောင်စုများ၏ လိုအပ်ချက်များ မေးမြန်းကာ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


